ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ နိုဝင်ဘာ ၃၀ ရက်နေ့က ရဲတပ်ကြပ်တယောက် လက်နက်ခဲယမ်းအပြည့်စုံနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့တယ်လို့ CDF-မတူပီ ဆီကနေ သိရပါတယ်။
မတူပီမြို့မရဲစခန်းက ကိုယ်ပိုင်အမှတ် လ/၂၅၀၂၈၆ ရဲတပ်ကြပ် ရန်ရှင်းအောင်ဟာ စစ်ကောင်စီရဲ့လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့လို့ လက်နက်ခဲယမ်းအပြည့်စုံနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့တယ်လို့ CDF-မတူပီရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုနိုင်ဂျွမ်းကိန်းက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီရဲတပ်ကြပ်ဟာ G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည်ဆံ ၁၀၄ တောင့် ယူဆောင်လာခဲ့ပြီး CDF-မတူပီက ဂုဏ်ပြုဆုငွေကျပ်သိန်း ၅၀ ချီးမြှင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီရဲတပ်ကြပ်နဲ့အတူ မိသားစုဝင်တွေပါလာတာကြောင့် သူတို့အားလုံးကို ဘေးကင်း လုံခြုံတဲ့နေရာဆီ ပို့ဆောင်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
မတူပီမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ၊ ရဲတွေအနေနဲ့ CDF-မတူပီဆီမှာ အမြန်ဆုံးပူးပေါင်း အလင်းဝင်ကြဖို့ နောက်ဆုံးအကြိမ် ဖိတ်ခေါ်ထားတယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် ၁၄,၀၀၀ ကျော် ရှိနေပြီဖြစ်ပါတယ်။
လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလားမနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ သူတို့ရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်ကရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေတာပါ။
တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံး ခိုဝင်ကြဖို့ တပ်မတော်သားတွေနဲ့ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်းနှိုးဆော်ထားပါတယ်။
ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့အပါဝင် ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး ပြည်သူနဲ့ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေတယ်လို့ ထုတ်ပြန်ထားပါတယ်။