Home
မြန်မာသတင်း
စဉ့်ကူးတွင် ပြည်သူများကို ပျူစောထီးအဖွဲ့ဝင်ရန် စစ်တပ်က ဖိအားပေးနေ
DVB
·
December 2, 2023
sint 2122023

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေက အရပ်သား ပြည်သူတွေကို ပျူစောထီးအဖွဲ့ထဲ အတင်းအကျပ်ဝင်ခိုင်းနေပြီး ကျေးရွာတခုက နေအိမ်ခြံဝင်းအတွင်းကိုလည်း ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ စဉ့်ကူးနယ်ခံတွေဆီက သိရပါတယ်။

စဉ့်ကူးမြို့နယ်က ပျူရွာဖြစ်တဲ့ ရွာသာယာရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေက နိုဝင်ဘာ ၂၉ ရက် ညပိုင်းမှာ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် စဉ့်ကူးနယ်၊ ကြက်တူရွေးရွာမှာရှိတဲ့ နေအိမ်ဝိုင်းတခုအတွင်း ကျရောက်ပေါက်ကွဲခဲ့ပေမဲ့ အထိအခိုက် အပျက်အစီး မရှိဘူးလို့ သိရပါတယ်။

စဉ့်ကူးနယ်ခံ တော်လှန်ရေးသမားတဦးက “များသောအားဖြင့် ဒီကောင်တွေ တိုက်ခိုက်တာ ဝက်လက်နယ်ဘက် များတယ်။ ပျူသင်တန်းကတော့ သေချာတယ်၊ အတွင်းသတင်း ရထားတယ်။ မနေ့က ဆယ်အိမ်ခေါင်းတွေ အစည်းအဝေးခေါ်တယ်လို့ သတင်းရတယ်” လို့ ပြောပါတယ်။

စဉ့်ကူးမြို့နယ် တောင်ဘက်ပိုင်းက စားကျက်၊ ဆည်သည်၊ ရွှေပြည် (လေးရွာအုပ်စု)၊ ရွှေဒုံးနဲ့ ထုံးကြီးကျေးရွာတွေမှာ အရပ်သားပြည်သူတွေကို ပျူစောထီးအဖွဲ့ဝင်ဖို့ အတင်းအကျပ် ဖိအားပေးတာတွေ ရှိသလို နိုဝင်ဘာ ၃၀ ရက်ကလည်း ဆယ်အိမ်ခေါင်းတွေကို စစ်အုပ်စုက အစည်းအဝေးခေါ်ကာ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စဉ့်ကူးမြို့နယ်အတွင်း ဆည်ကြီးရွာအုပ်စု၊ ဒိုးပင်ကုန်းရွာမှာ စစ်အုပ်စုနဲ့ ပျူစောထီးတွေရဲ့ အချုပ်/ထောင် တခုရှိပြီး အရပ်သားပြည်သူတွေကို အကြောင်းမဲ့ဖမ်းဆီးကာ ‌လက်နက်ခဲယမ်း ကျည်ဖိုး ခွဲတမ်းအဖြစ် ငွေညှစ်တောင်းခံတာ၊ သတ်ဖြတ်တာတွေ လုပ်ဆောင်နေတယ်လို့လည်း စဉ့်ကူးဒေသခံတွေဆီက သိရပါတယ်။

စစ်ရေးအရှိန် ပြင်းထန်လာတာနဲ့အမျှ စစ်အုပ်စုဟာ မန္တလေးမြို့ရဲ့ မြောက်ဘက်ပိုင်းက မြို့နယ်တွေဖြစ်တဲ့ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနဲ့ ပြင်ဦးလွင်မြို့နယ်တို့မှာ စစ်ကြောင်းထိုးတာ၊ နှစ်ဖက် စစ်ရေးတိုက်ပွဲပြင်းထန်‌တာတွေ ရှိနေသလို မတ္တရာဘက်ကနေ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိုးဖောက်ဝင်ရောက်လာမှာ စိုးရိမ်တဲ့အတွက် မန္တလေး-မတ္တရာ လမ်းကြောမှာ လုံခြုံရေးတင်းကျပ်တာ၊ မန္တလေးမြို့ မြောက်ဘက်ခြမ်းတလျှောက် လုံခြုံရေး တင်းကျပ်တာတွေ လုပ်နေတယ်လို့ မန္တလေးမြို့ခံ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024