ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဒီဇင်ဘာ ၁ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
ကျောက်ကြီးရွာ အနောက်ဘက်ခြမ်းက ရွှေငြိမ်းချမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် မြို့လှ KPDF တို့က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတဦးက “မနက်အစောကြီး ၄ နာရီလောက် KIA နဲ့ PDF က ဘုန်းကြီးကျောင်းနားမှာ စခန်းချတဲ့ စစ်တပ်စခန်းကို လာတိုက်တာ။ မနက် ၈ နာရီလောက် PDF က စခန်းသိမ်းနိုင်ခဲ့တယ်။ စစ်တပ်ဘက်က သေတဲ့သူတွေကော ဖမ်းမိတဲ့သူတွေကော ရှိတယ်။ တချို့လည်း ထွက်ပြေးတယ်။ လက်နက်တွေလည်း PDF တွေ ရလိုက်တယ်။ ဘယ်လောက်ဖမ်းမိတယ်၊ ဘယ်လောက်သေတယ်ကတော့ ကျနော်လည်း တိတိကျကျ မသိရဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်စခန်း သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် သိမ်းဆည်းရမိတဲ့ လက်နက်နဲ့ ထိခိုက်သေဆုံး စာရင်းကိုတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက် ညပိုင်းကလည်း ကျောက်ကြီးကျေးရွာက စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ စခန်းချနေထိုင်တဲ့ ရဲကင်းစခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ဒရုန်းနဲ့ သွားရောက် တိုက်ခိုက်ခဲ့ပါသေးတယ်။