မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်မှာ နိုဝင်ဘာ ၃၀ ရက် ညပိုင်းက စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ-ကပစ ၂၀ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး ယမ်းသိုလှောင်ရုံ မီးလောင်ကျွမ်းခဲ့တယ်လို့ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု PRA-မကွေးကနေ သိရပါတယ်။
စေတုတ္တရာမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၂၀ ကာကွယ်ရေးပစ္စည်းစက်ရုံကို နိုဝင်ဘာ ၃၀ ရက် ည ၁၁ နာရီ ၁၅ မိနစ်လောက်က Z-Fighter ပြောက်ကျားတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး MH-60R အမျိုးအစား တာဝေးပစ် ရော့ကက် အလုံး ၂၀ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PRA-မကွေးရဲ့ စစ်ရေးတာဝန်ခံ နောင်သူရိန်က ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ရော့ကက်ကျည်တွေဟာ စက်ရုံဝင်းနဲ့ စက်ရုံအဆောက်အဦတွေမှာ ကျရောက်ပေါက်ကွဲကာ ယမ်းသိုလှောင်ရုံ မီးလောင်ခဲ့ပြီး ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။
အဲဒီစက်ရုံဟာ လျှို့ဝှက် Project တွေနဲ့ တည်ဆောက်ခဲ့တဲ့ စက်ရုံတခုအဖြစ် နာမည်ကြီးခဲ့တဲ့ စက်ရုံတခုဖြစ်သလို အတွင်းထဲမှာ ဥမင်လိုဏ်ခေါင်းတွေ ပါဝင်တယ်လို့ သိရပြီး လေယာဥ်ပစ်ကျည်၊ ဗုံးနဲ့ တခြားလက်နက်ကြီးကျည်တွေ ထုတ်လုပ်တယ်လို့ ပြောပါတယ်။
“အဲဒီစစ်ဆင်ရေးဟာ ကျနော်တို့တပ်ဖွဲ့တွေအတွက် မဟာဗျူဟာမြောက် စစ်ဆင်ရေးတခု ဖြစ်ပြီး စစ်ကောင်စီရဲ့ ထောက်ပို့ယန္တရားတွေကို ဖြတ်တောက်ပေးတာဖြစ်လို့ တနိုင်ငံလုံးရဲ့ တော်လှန်ရေးအရှိန်အဟုန်ကို အထောက်အကူဖြစ်နိုင်တယ်။”
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။