စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာအနီးကို စစ်ကောင်စီတပ်က ဒီနေ့ ဒီဇင်ဘာ ၁ ရက် နေ့ခင်း ၁၂ နာရီလောက်မှာ လေကြောင်းကနေ ပစ်ခတ်ခဲ့တယ်လို့ ပုလဲဒေသခံတွေက ပြောပါတယ်။
လေယာဉ်ဟာ မနခ (အနောက်မြောက်တိုင်းစစ်ဌနချုပ်) ကနေ လာရောက်ပစ်ခတ်တာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မင်းတိုင်ပင်ရွာသားတဦးက “လေယာဉ်က Mi35 လေယာဉ်ဗျ။ ပစ်တာက မင်းတိုင်ပင်ရွာနဲ့ ရွာအနီးပတ်ပတ်လည်ကို ၅ ပတ် ပတ်ပြီး ပစ်ခတ်သွားတာ။ ပစ်တာက စက်လက်နက်နဲ့ ပစ်သွားတာ။ ပစ်ခတ်မှုကြောင့် အိမ် ၁၀ လုံးကျော် အိမ်အမိုးသွပ်တွေ ပေါက်ထွက်တာတွေ ရှိတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီလေယာဉ်က မင်းတိုင်ပင်ရွာနဲ့ ရွာအနီးပတ်ဝန်းကျင်အပြင် ပုလဲ-ဂန့်ဂေါလမ်းမပေါ်မှာ သွားလာနေတဲ့ ခရီးသွားတွေကိုပါ ပစ်ခတ်ခဲ့သေးတယ်လို့ ပုလဲမြို့နယ် ပအဖ တာဝန်ရှိသူတွေက ပြောပါတယ်။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး တာဝန်ရှိသူ ဦးဇာ်ထက်က “အခုပစ်တဲ့ နေရာက ဘာတိုက်ပွဲမှမရှိဘူး။ အကြောင်းမဲ့ပစ်ခတ်တာ။ မနက်အစောပိုင်းတုန်းကတော့ ပုလဲမြို့အတွင်းကနေ ကန့်ဒေါင့်ရွာကို စစ်ကူထွက်ဖို့ စထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပုလဲမြို့အထွက်ကနေ ကာကွယ်ရေးတပ်က စီးကြိုတိုက်တဲ့စစ်ပွဲတော့ ရှိတယ်။ အဲ့ စစ်ဖြစ်တဲ့နေရာကိုမပစ်ဘဲ အခု မင်းတိုင်ပင်ရွာနဲ့ ပုလဲ-ဂန့်ေဂါလမ်းကို ပစ်ခတ်ခဲ့တာဗျ။ အခုလို ပစ်ခတ်တာဟာ ကျနော့်အမြင်ပြောရရင် ပြည်သူတွေကို အကြောက်တရား သွင်းတာလို့ ပဲမြင်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြာင်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတဦးမှ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရွာအတွင်း စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း နှစ်ဖက်ပစ်ခတ်မှုတွေရှိခဲ့ပြီး ဒီနေ့ ဒီဇင်ဘာ ၁ ရက်အထိ နှစ်ဖက် စစ်ရေးတင်းမာနေတာကြောင့် ကန့်ဒေါင့်ရွာနဲ့ အနီးပတ်ဝန်းကျင်က ဒေသခံတွေ စစ်ဘေးရှောင်နေရပါတယ်။
ဆောင်းရာသီဖြစ်တာကြောင့် ခြုံစောင်တွေနဲ့ အနွေးထည်တွေ လိုအပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။