ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးနဲ့ သီပေါကြားက စဉ့်အင်ရဲစခန်းကို TNLA နဲ့ ပူးပေါင်းအဖွဲ့တွေက ဒီဇင်ဘာ ၁ ရက် မနက် ၆ နာရီလောက်မှာ သိမ်းလိုက်ပြီး တံတားဖြတ်သန်းသွားလာခွင့် ပိတ်ထားလိုက်ပြီဖြစ်ကြောင်း PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ချက်နဲ့ ဒေသခံတွေဆီက သိရပါတယ်။
ခရီးသွားပြည်သူတဦးက “မနက်ကတည်းက ပိတ်ထားတာရှင့်။ ညီမတို့ရောက်ချိန်တော့ ၁၀ နာရီ။ အာ့နားမှာ TNLA စစ်သားတွေ ရှိတယ်၊ ပေးမသွားဘူး” လို့ ပြောပါတယ်။
လက်နက်ကြီးပစ်ခတ်သံေတွလည်း ကြားခဲ့တယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ ကားလမ်းတံတားကတော့ ဘာမှမဖြစ်ပေမဲ့ ပေးမသွားဘဲ ပိတ်ထားပြီး အရင်ပုံစံ ပိတ်လိုက် လွှတ်လိုက် ဖြစ်မယ်လို့ သီပေါမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။
“တံတားတောင် ပေးမဖြတ်ဘူး။ မနေ့ညကတည်းက ဆော်တာ။ ဒီမနက်လည်း ပြန်ဆော်။ တရွာလုံးတော့ ထွက်ပြေးရတယ်။ သူက တံတားလမ်းကျိုးတာ၊ ရထားလမ်းလေ၊ ရထားတံတား။” အရေးပေါ်သွားလာဖို့ လိုအပ်ပါက နမ့်ပေါင်-မိုင်းရယ်-ဆောင်ကြဲ-နမ့်လန်လမ်းက သွားလို့ရကြောင်း လမ်းကြောင်းသိသူတွေက လူမှုကွန်ရက်ကနေ အကြံပေးထားတာကို တွေ့ရပါတယ်။
PSLF/ TNLA သတင်းနဲ့ ပြန်ကြားရေးဌာနကတော့ စစ်ကောင်စီ စဉ့်အင်ရဲစခန်းကို ဒီကနေ့ မနက် ၆ နာရီခွဲခန့်က သိမ်းလိုက်ပြီး ရဲသုံ့ပန်း အရှင် ၂ ဦး ဖမ်းဆီး ရမိခဲ့ကာ လက်နက် ၈ လက်၊ ပစ္စတို ၃ လက်၊ ကျည်ဆန်တွေနဲ့ တခြား စစ်အသုံးအဆောင် ပစ္စည်းတွေ သိမ်းဆည်းရရှိကြောင်း ထုတ်ပြန်ထားပါတယ်။
ဒီကနေ့ မနက် ၅ နာရီလောက်ကလည်း မူဆယ်မြို့နယ် ပြည်ထောင်စုလမ်းမပေါ်ရှိ နမ့်ပေါ် စစ်ကောင်စီ စစ်ဆေးရေးစခန်းကိုလည်း သိမ်းခဲ့ပြီး စစ်သုံ့ပန်း အရှင် ၂ ဦးနဲ့ 60 MM အပါအဝင် လက်နက်မျိုးစုံ ၃၂ လက်နဲ့ စစ်အသုံးအဆောင် ခဲယမ်းလက်နက်ပစ္စည်းတွေ အများအပြား သိမ်းဆည်းရမိခဲ့ပါတယ်။
စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်တွေနဲ့ အင်အားထပ်ဖြည့်ကာ အကြိမ် ၃၀ နီးပါး လေကြောင်းပစ်ကူခဲ့ကြောင်းလည်း TNLA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။