အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ဥက္ကဋ္ဌ ဦးသန်းထွန်းဟာ ဒီဇင်ဘာ ၁ ရက် ဒီနေ့မနက် ၉ နာရီလောက်က ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက် ၃ လမ်းရှိ သူဖွင့်ထားတဲ့ မိတ္တူဆိုင်မှာ သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဦးသန်းထွန်းကို လူငယ်နှစ်ဦးက သေနတ်နဲ့ အနီးကပ် ခြောက်ချက်ပစ်သွားလို့ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားပြီးနောက် စစ်တပ်နဲ့ ရဲတွေ ရောက်ရှိလာကာ အင်အားအများအပြားနဲ့ ဆက်စပ်နေရာတွေမှာ လူငယ်တွေကို ပစ်မှတ်ထား စစ်ဆေးနေပါတယ်။
ငမိုးရိပ်ရပ်ကွက်မှာ နေထိုင်သူတဦးက “ရပ်ကွက်ထဲက လမ်းသွားလမ်းလာ လူငယ်တွေကိုလည်း စစ်ဆေးနေတယ်။ စံပြစျေး လမ်းဆုံနားမှာလည်း အင်အားအများကြီးပဲ စစ်ဆေးနေတာ တွေ့ရတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် သင်္ဃန်းကျွန်းမြို့နယ်နဲ့ ဆက်စပ်နေတဲ့ တောင်ဒဂုံမြို့နယ်မှာလည်း YBS ဘတ်စ်ကားပေါ်က ခရီးသည်တွေကိုပါ တဦးချင်း စစ်ဆေးနေတယ်လို့ ကိုယ်တိုင် တွေ့မြင်ခဲ့ရသူတဦးက ပြောပါတယ်။
ဦးသန်းထွန်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက် NNDP ပါတီရဲ့ ဥက္ကဋ္ဌဖြစ်လာသူဖြစ်ပြီး အရင်ဥက္ကဋ္ဌဖြစ်သူ ဦးသိန်းညွန့်ကတော့ စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ရွေးချယ်ခန့်အပ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဦးသန်းထွန်းဟာ စစ်အာဏာသိမ်းမှုကို ပြောင်ပြောင်တင်းတင်း ထောက်ခံခဲ့သူဖြစ်ပြီး NNDP ပါတီဟာလည်း စစ်တပ်အာဏာသိမ်းဖို့ မြှောက်ပင့်အားပေးခဲ့တဲ့ ပါတီတွေထဲက တခုဖြစ်ပါတယ်။
ဦးသန်းထွန်းကို ဘယ်အဖွဲ့က ဘာကြောင့်သတ်ဖြတ်ခဲ့တယ် ဆိုတာကိုတော့ ဘယ်အဖွဲ့အစည်းကမှ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။
အခုလို ဦးသန်းထွန်း အသတ်ခံရတာနဲ့ပတ်သက်လို့ စစ်ဆေးမှုတွေနဲ့အတူ ကြုံရာလူတွေကို ဖမ်းဆီးတာတွေ လုပ်လာနိုင်တာကြောင့် အဲဒီရပ်ကွက်နေ ပြည်သူတွေကြားမှာ စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။