ယူကရိန်းအရှေ့ပိုင်း ဒွန်နက်စ်ခ် ဒေသမှာ တညလုံး ရုရှားဒုံးကျည် တိုက်ခိုက်မှုတွေကြောင့် လူ ၂ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရကာ မိသားစု ၃ ဦးလည်း အပျက်အစီးတွေအောက်မှာ ပိတ်မိနေ သေးတယ်လို့ ယူဆရကြောင်း ယူကရိန်း အရာရှိတွေက နိုဝင်ဘာ ၃၀ ရက်မှာ ပြောပါတယ်။
ပိုခရို့ဗ်စ်ခ်၊ နိုဗိုရိုဒီဗ်ကာနဲ့ မိုင်ရ်နိုရဒ် မြို့ ၃ မြို့ကို ဒုံးကျည် ၆ စင်း ထိမှန်ခဲ့ပြီးနောက် လူတယောက် သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက အစောပိုင်းမှာ ပြောကြားခဲ့ပြီး မွန်းလွဲပိုင်းမှာတော့ ကယ်ဆယ်ရေးသမားတွေဟာ အပျက်အစီးတွေထဲကနေ ဒုတိယရုပ်အလောင်းကို ဆယ်ယူ ရရှိခဲ့ကြောင်း ယူကရိန်းရဲတပ်ဖွဲ့က ပြောပါတယ်။
အသက် ၃၃ နှစ်အရွယ် အမျိုးသမီးတဦး၊ အသက် ၃၈ နှစ်အရွယ် အမျိုးသားတဦးနဲ့ အသက် ၈ နှစ်အရွယ် မိန်းကလေးတဦးတို့ဟာ နိုဗိုရိုဒိဗ်ကာရှိ လူနေအဆောက်အအုံတခုရဲ့ အပျက်အစီးတွေ အောက်မှာ ရှိနေနိုင်ကြောင်း ရဲတပ်ဖွဲ့က တယ်လီဂရမ်မှာ ပို့စ်တင်ထားပါတယ်။
ကလေး ၄ ဦး အပါအဝင် လူ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး အီဟော်ရ် ကလီမန်ကိုက အစောပိုင်းမှာ ပြောကြားခဲ့ပြီး ကိုယ်ပိုင်အိမ် ၉ လုံး၊ ရဲစခန်းတခု၊ မော်တော်ကားတွေ နဲ့ ကားဂိုဒေါင်တွေ ပျက်စီးခဲ့ကြောင်းလည်း ပြောပါတယ်။
Source/Photo - Reuters