မကွေးတိုင်း၊ ပွင့်ဖြူမြို့မှာ နိုဝင်ဘာ ၂၈ ရက် ညနေပိုင်းက ပွင့်ဖြူယာဥ်ထိန်းရုံး လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရပြီး တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ စလင်းမြို့နယ်ပကဖ တပ်ခွဲ ၂ ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။
ပွင့်ဖြူမြို့မှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ မော်တော်ပီကယ်ရုံးအတွင်းထဲကို နိုဝင်ဘာ ၂၈ ရက် ညနေ ၅ နာရီ မိနစ် ၂၀ လောက်က ဆိုင်ကယ်နဲ့ သွားရောက်ပြီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်ညီနောင်က ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ မောင်တော်ပီကယ်ရုံး အဆောက်အဦ ထိခိုက်ပျက်စီးခဲ့ကာ အဲဒီရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး မြို့ဝင်မြို့ထွက်ဂိတ်တွေကို ပိတ်ဆို့ကာ လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို စလင်းမြို့နယ်ပကဖ တပ်ခွဲ ၂ ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပူးပေါင်းတပ်ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ ရာဇဂြိုဟ်မြို့ကို ဆက်သွယ်ထားတဲ့ ဒိုးဝိုင်းချောင်း-ရာဇဂြိုဟ် လမ်းမကြီးကို ဒေသခံတွေနဲ့ ခရီးသွားတွေ အသုံးမပြုကြဖို့ ဒေသခံ ကာကွယ်ရေးတပ်ဘက်က ပိတ်ပင်လိုက်ပါတယ်။
နိုဝင်ဘာ ၃၀ ရက် ညနေ ၆ နာရီကစတင်ကာ ဒေသတွင်း လက်ရှိ စစ်ရေးအခြေအနေတွေအရ ဒိုးဝိုင်းချောင်း-ရာဇဂြိုဟ် အနောက်မြောက်လမ်းမကြီးကို ရက်အကန့်အသတ်မရှိ ပိတ်ရတာလို့ ဆိုပါတယ်။
ကလေးမြို့ တော်လှန်ရေးအင်အားစုအဖွဲ့ဝင်တဦးက “မြို့ထဲကနေ မြောက်ပိုင်းတွေကို သွားလို့မရသလို ရွာကပြည်သူတွေလည်း မြို့ထဲသွားလို့မရဘူး။ တရွာနဲ့တရွာလည်း ကူးလူးဆက်သွယ် သွားလာလို့မရဘူး” လို့ ပြောပါတယ်။
ဆက်လက်ပြီး သတိပေးချက်ကို မလိုက်နာဘဲ ဖြတ်သန်းသွားလာလို့ ဖြစ်ပေါ်လာနိုင်တဲ့ လုံခြုံရေးအန္တရာယ်တွေကို ဒေသခံကာကွယ်ရေးတပ်ဘက်က တာဝန်ယူမှု၊ တာဝန်ခံမှု ပြုလုပ်ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
နိုဝင်ဘာ ၁၅ ရက် မနက်ပိုင်းကတော့ စစ်ကောင်စီက ကလေးမြို့ကနေ ကလေးနယ်မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ ကျေးရွာချင်းဆက် တံတား ၃ စင်းကို JCB တွေနဲ့ လာရောက်ဖြိုချ ဖျက်ဆီးခဲ့ပါသေးတယ်။
နိုဝင်ဘာ ၂၇ ရက်ကလည်း CDF-CDM-Siyin အဖွဲ့က ချင်းပြည်နယ်ဘက်ကို ဆက်သွယ်ထားတဲ့ ကလေး-သိုင်းငင်း၊ တီးတိန်လမ်းမကြီးကို ဒေသခံတွေနဲ့ ခရီးသွားတွေ အသုံးမပြုကြဖို့ သတိပေးထားခဲ့ပါသေးတယ်။