Home
မြန်မာသတင်း
မြန်မာစစ်ခေါင်းဆောင်နှင့် စစ်ရာဇဝတ်မှုများအား စုံစမ်းစစ်ဆေးရန် ဂျာမနီ ငြင်းဆို
DVB
·
December 1, 2023
MyanmarPolice_01122023

ဂျာမနီ ပြည်ထောင်စုအစိုးရရှေ့နေချုပ်က မြန်မာနိုင်ငံအတွင်း လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးမှု မပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် စိတ်ပျက်မိတယ်လို့ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Fortify Rights အဖွဲ့က ပြောလိုက်ပါတယ်။

Fortify Rights အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ မက်သရူး စမစ်သ်က “အစိုးရ ရှေ့နေချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ အတော်စိတ်ပျက်စရာကောင်းပါတယ်။ ကျနော်တို့အနေနဲ့ တိုင်ကြားချက်ပါ အထောက်အထားတွေ၊ တရားရေးဆိုင်ရာ ဆွေးနွေးပွဲတွေရဲ့ ခိုင်လုံမှုနဲ့ ပတ်သက်ပြီး ယုံကြည်မှု အပြည့်အဝရှိပါတယ်” လို့ ပြောပါတယ်။

အဆိုပါ တိုင်ကြားချက်ကို အခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလတုန်းက Fortify Rights နဲ့တကွ မြန်မာနိုင်ငံက တိုင်ကြားသူ ၁၆ ယောက်က မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ အပေါင်းအပါတွေကို ကမ္ဘာတလွှား တရားစီရင်ပိုင်ခွင့် စည်းမျဥ်းအရ တင်သွင်းခဲ့တာလို့ ဆိုပါတယ်။

တိုင်ကြားချက်ထဲမှာတော့ လွန်ခဲ့တဲ့ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေအတွင်း မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေနဲ့ အပေါင်းအပါတွေ ကျူးလွန်ခဲ့ကြတဲ့ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုတွေ အပါအဝင် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က မအောင်မြင်တဲ့ စစ်အာဏာသိမ်းမှု စတင်ချိန်ကတည်းက တနိုင်ငံလုံးအပေါ် ကျူးလွန်ခဲ့တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအပေါ် အဓိက အာရုံစိုက်ထားတယ်လို့ ဆိုပါတယ်။

မက်သရူး စမစ်သ်ကတော့ “စိတ်ပျက်စရာကောင်းနေတဲ့ အချိန်ဆိုပေမဲ့ အစိုးရရှေ့နေရဲ့ ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံမှာ ပေါ်ပေါက်နေတဲ့ ရာဇဝတ်မှုတွေကို တရားစွဲဆိုနိုင်ဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်းအားထုတ်မှု အရေးတကြီး လိုအပ်နေတာကိုလည်း ထောက်ပြနေတာ တွေ့ရပါတယ်” လို့ ပြောပါတယ်။

ခုလိုငြင်းဆိုရတဲ့ အကြောင်းရင်းကတော့ တိုင်ကြားခံရတဲ့ သံသယရှိသူတွေဟာ ဂျာမနီနိုင်ငံမှာ မရှိနေခြင်းနဲ့ အဆိုပါ စုံစမ်းစစ်ဆေးမှုက လက်ရှိဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ရဲ့ လုပ်ငန်းတာဝန်ကို တပုံစံတည်း ထပ်ပွားသလို ဖြစ်စေမယ်လို့ ယုံကြည်တာကြောင့် ဂျာမန်ပြည်ထောင်စုအစိုးရ ရှေ့နေချုပ်က စုံစမ်းစစ်ဆေးရေး စတင်လုပ်ဆောင်ဖို့ ငြင်းပယ်လိုကြောင်း Fortify Rights ကို ပြီးခဲ့တဲ့လတုန်းက အကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့ တိုင်ကြားတဲ့အခါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံက ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တာဝန်ရှိတဲ့ တခြားသူတွေ ဂျာမနီနိုင်ငံမှာ မရှိကြဘူးဆိုတာ ကျနော်တို့သိပါတယ်။ ဂျာမန်ဥပဒေအရ စုံစမ်းစစ်ဆေးမှုတခုအတွက် အဲဒီလိုမျိုး နိုင်ငံထဲရှိနေဖို့ မလိုအပ်ပါဘူး။ တင်ပြထားတဲ့ အထောက်အထားတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုလုပ်ဖို့ကို အစိုးရရှေ့နေဘက်က ငြင်းဆိုလိုက်ရတာက အဲဒီအကြောင်းရင်းကြောင့် ဖြစ်လိမ့်မယ်လို့လည်း ကျနော်တို့အနေနဲ့ မမျှော်လင့်ခဲ့မိဘူး။”

ဒါပေမဲ့ Fortify Rights အဖွဲ့အနေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ ကြောက်မက်ဖွယ်ရာ ကျူးလွန်မှုတွေကို အဆုံးသတ်ဖို့နဲ့ တာဝန်ခံယူမှု ရှိစေဖို့အတွက် လွတ်မြောက်လာသူတွေနဲ့ အတူ မဟာဗျူဟာ နည်းဗျူဟာအသစ်တွေနဲ့ လုပ်ဆောင်နေပြီဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အစိုးရအချင်းချင်း အဆိုပါ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ရပ်တန့်ဖို့၊ ဝာာဝန်ရှိသူတွေကို ဖမ်းဆီးဖို့နဲ့ ကျူးလွန်ခဲ့တာတွေကို ဝန်ခံပြီး ဝာာဝန်ခံယူမှုရှိစေဖို့ ညှိနှိုင်းဆောင်ရွက်မှုတွေ အပါအဝင် တက်ကြွတဲ့ အစီအမံတွေကို လုပ်ဆောင်သွားဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေး မှတ်တမ်းယူထားဖို့အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ကနေ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာပါ။

ဒီအဖွဲ့ဟာ ၂၀၁၁ ခုနှစ်က စပြီး ရခိုင်၊ ကချင်၊ ရှမ်း အပါအဝင် မြန်မာနိုင်ငံအနှံ့က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက စုံစမ်းစစ်ဆေးပြီး အမှုတွဲတွေ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေ ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့တဲ့ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှု အထောက်အထားပေါင်း များစွာကို မြန်မာလူထုက IIMM အဖွဲ့ထံ နည်းလမ်းပေါင်းစုံနဲ့ ပေးပို့ထားကြသလို မြန်မာစစ်ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေနဲ့ စွဲချက်တင်နိုင်ဖို့ အထောက်အကူဖြစ်စေမယ့် အချက်အလက် အထောက်အထားပေါင်း သန်းနဲ့ချီပြီး ဖေ့စ်ဘွတ်ခ်ကလည်း ပေးအပ်ထားပါတယ်။

ဒါပေမဲ့ စစ်ရာဇတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီတပ် တာဝန်ရှိသူတွေနဲ့ အပေါင်းပါတွေကို တရားစွဲဆို အပြစ်ပေးနိုင်ရေးအတွက် IIMM အနေနဲ့  အခုအချိန်အထိတော့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။  

Photo- Fortify Rights

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024