မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ မိကသစ်ကျေးရွာထဲကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ဘုန်ကြီးတပါး ပျံလွန်တော်မူသွားတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၁ ရက် မနက် ၂ နာရီလောက်မှာ စစ်ကောင်စီတိုက်လေယာဉ်က မိကသစ်ကျေးရွာထဲကို ပေါင် ၅၀၀ ဗုံး နှစ်လုံး လာရောက်ကြဲချသွားတဲ့အတွက် ကျေးရွာဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တာပါ။
စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် မိကသစ်ကျေးရွာဘုန်းကြီးကျောင်းရှိ သက်တော် ၄၂ နှစ်အရွယ် ဦးသောမဟာ အခင်းဖြစ်နေရာမှာပဲ ပျံလွန်တော်မူသွားတယ်လို့ သိရပါတယ်။
မိကသစ် ဒေသခံတဦးက “လူတွေ အိပ်နေတဲ့အချိန်မှာ ဗုံးလာကြဲသွားတာ။ ဗုံးနှစ်လုံးက ရှေ့ဆင့်နောက်ဆင့်ပဲ၊ မြေတွေပါတုန်သွားတာ။ ဦးဇင်း ဦးသောမ ပျံလွန်သွားတယ်။ ဒေသခံတွေတော့ ထိတာမရှိဘူး။ ဒီနေ့မနက်ပိုင်းကစပြီး ပြေးနေကြပြီ” လို့ ပြောပါတယ်။
မိကသစ်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့ကြား ဒီကနေ့အချိန်အထိ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်ကနေ အကြောင်းမဲ့ လေယာဉ်နဲ့ လာရောက်ဗုံးကြဲသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ ဗုံးကြဲမှုကြောင့် မိကသစ်ကျေးရွာ ဒေသခံတွေဟာ ဒီနေ့ ဒီဇင်ဘာ ၁ ရက်ကစပြီး ဘေးလွတ်ရာနေရာတွေကို စတင် ထွက်ပြေးတိမ်းရှောင်နေကြပြီလို့ သိရပါတယ်။
လေယာဉ်နဲ့ဗုံးကြဲခံရတဲ့ မိကသစ်ကျေးရွာဟာ ကရင်ပြည်နယ်၊ ကြာအင်ဆိပ်ကြီးမြို့နယ်ရဲ့ နယ်စပ်မှာ တည်ရှိပြီး မွန်၊ ကရင်နဲ့ ဗမာလူမျိုးတွေလည်း နေထိုင်ပါတယ်။
မနေ့ နိုဝင်ဘာ ၃၀ ရက်ကလည်း ကျိုက်မရောမြို့နယ် စံပယ်ဂူတံတားအနီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကော့ဒွန်း၊ ကော့ပနော့နဲ့ ဝယ်ငဲ့ကျေးရွာက ဒေသခံ ၃ ဦး မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်ကစလို့ ဖြစ်ပွားခဲ့တဲ့ ကျိုက်မရောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေယာဉ်တိုက်ခိုက်မှုတွေကြောင့် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူ ၂၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။