တရုတ်-မြန်မာနယ်စပ်၊ မူဆယ်မြို့နယ်၊ အရှေ့မြောက်ကုန်သွယ်ရာ လမ်းမပေါ်ရှိ နမ့်ပေါ်တံတား စစ်တပ်စခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) နဲ့ ပူးပေါင်းအဖွဲ့က ဒီဇင်ဘာ ၁ ရက် မနက် အစောပိုင်းမှာ သိမ်းပိုက်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတဦးက “ဒီနေ့မနက် နမ့်ပေါ်ချောင်းတံတားက စစ်တပ်စခန်းကို AA နဲ့ TNLA ပူးပေါင်းအဖွဲ့ သိမ်းလိုက်ပြီ” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရရှိထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။
အဲဒီစခန်းကို နိုဝင်ဘာ ၂၈ ရက်ကစပြီး ဒရုန်းတွေနဲ့ပါ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့လို့ စစ်ကောင်ဆီဘက်ကလည်း နေ့စဉ် လက်နက်ကြီးတွေ၊ လေကြောင်းပစ်ကူတွေနဲ့ တိုက်ခိုက်နေတာလို့ သူကပြောပါတယ်။
ကားသမားတဦးကလည်း “အဲဒီတံတားစောင့်တဲ့ စစ်သားတွေ၊ ရဲတွေ ပိုက်ဆံမတရားတောင်းတယ်။ သိမ်းလိုက်တာ ကောင်းတယ်” လို့ ပြောပါတယ်။
ကုန်သွယ်ရာလမ်းမပေါ်ရှိ တံတားက စခန်းဟာ စစ်သား၊ ရဲ၊ ပြည်သူ့စစ်နဲ့ ဌာနပေါင်းစုံက စစ်ဆေးရေးလုပ်တဲ့ စစ်တပ် စစ်ဆေးရေးစခန်းတခု ဖြစ်ပါတယ်။
နိုဝင်ဘာ ၂၆ ရက်ကစပြီး ဒီနေ့အထိ ကုန်သွယ်ရေးစခန်းရှိရာ ၁၀၅ မိုင်မှာလည်း စစ်ကောင်စီတပ်နဲ့ MNDAA မဟာမိတ် တပ်ပေါင်းစုတွေအကြား တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။
တိုက်ပွဲကြောင့် ဒေသခံတွေ အများအပြား ထိခုက်၊ သေဆုံးမှုရှိပြီး နေအိမ် အဆောက်အဦတွေလည်း အများအပြား ပျက်စီးဆုံးရှုံးခဲ့ပါတယ်။