၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ၂ နှစ်ကျော်ကာလအတွင်း တိုင်းနဲ့ ပြည်နယ်တချို့မှာ ယူနစ်တွေ၊ ဒေသန္တရ အစိုးရအဖွဲ့တွေ စတင်ဆွေးနွေးထူထောင်လာနေကြပါတယ်။
ကရင်နီ၊ ကချင်၊ ချင်း၊ ကရင်၊ စစ်ကိုင်း အစရှိတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာဆိုရင် သူတို့နဲ့သက်ဆိုင်တဲ့ ပြည်နယ်၊ ဒေသတွေအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင်ရေးဆွဲပြီး ဖက်ဒရယ်ယူနစ်၊ ဒေသန္တရအစိုးရအဖွဲ့တွေ စတင်ဖွဲ့စည်း ဆောင်ရွက်လာနေကြပါတယ်။
ကရင်နီပြည်မှာဆိုရင်လည်း ကရင်နီပြည်နယ်အစိုးရဆိုပြီး ဖွဲ့စည်းကာ ဒေသအလိုက် ကျေးရွာအလိုက် သူ့ရဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေ ရှိလာပြီး နောက်ဆုံး လွှတ်တော်ကိုလည်း ဖွဲ့စည်းကာ ပြည်နယ်အစိုးရတရပ်အဖြစ် ရပ်တည်လာဖို့ ကရင်နီပြည်ရွေးကောက်ပွဲကျင်းပဖို့ လုပ်ဆောင်နေတဲ့ သတင်းတွေလည်း ထွက်ရှိလာပါတယ်။
ချင်းပြည်နယ်မှာဆိုရင်လည်း ချင်းပြည်နယ်၊ ကြားကာလ မရာနယ်ကောင်စီ ဖွဲ့စည်းထားကာ ပြည်နယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ဖွဲ့စည်းပုံရေးဆွဲတာအပြင် အုပ်ချုပ်ရေးပိုင်းတွေကို စီမံလုပ်ဆောင်လာနေပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်မှာဆိုရင် ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့တဲ့ ချင်းပြည်နယ် မတူပီမြို့နယ် လိုင်လင်းပီမြို့ကို ပြည်သူ့အုပ်ချုပ်ရေးယန္တရားဖော်ဆောင်ဖို့ လည်ပတ်နိုင်တော့မယ်လို့ ကြေညာတာမျိုးတွေ ရှိလာခဲ့ပါတယ်။
ကရင်အမျိုးသားအစည်းအရုံးကလည်း ဖက်ဒရယ်ယူနစ်တခုအဖြစ် ကော်သူးလေပြည်ကို အကောင်အထည်ဖော် လုပ်ဆောင်နေကြောင်း ပြီးခဲ့တဲ့ ၂၀၂၃ ခု ဩဂုတ်လက ကြေညာထားပါတယ်။
အဓိကအားဖြင့် လာမယ့်အနာဂတ်မှာ ဗဟိုထိန်းချုပ်မှုကင်းပြီး မိမိပြည်နယ်၊ မိမိဒေသတွေကို ကိုယ်ပိုင်အုပ်ချုပ်မှု၊ ကိုယ်ပိုင်စီမံနိုင်ဖို့နဲ့ ပြည်သူတွေကနေ စတင်လိုက်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဖို့ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (EROs) ၂၁ ဖွဲ့ရှိပြီး အဲဒီထဲက တချို့အဖွဲ့တွေဟာ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေအတွင်းမှာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း အဆင့်ဆင့်တွေကို လုပ်ဆောင်ပေးသလိုပဲ တခါတလေ ဗဟိုအစိုးရရဲ့ စီမံအုပ်ချုပ်မှုမှတဆင့် ဖန်တီးပေးတဲ့ ဝန်ဆောင်မှုတွေကို ပေးနိုင်တာတွေ ရှိပါတယ်။
ဥပမာအားဖြင့် ကရင်မျိုးသားအစည်းအရုံး (KNU) ဟာ ခရိုင် ၇ ခုရှိပြီး အဲဒီခရိုင် ၇ ခုဟာ ကရင်ပြည်နယ်အပြင် ပဲခူးတိုင်းအရှေ့ခြမ်း၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း အစိတ်အပိုင်း တချို့က မြို့နယ်တွေအတွင်းက သန်းနဲ့ချီတဲ့ ပြည်သူတွေကို ဌာနမျိုးစုံကနေတဆင့် ဝန်ဆောင်မှု ပေးနိုင်တာတွေ ရှိပါတယ်။
အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ သစ်တောရေးရာ အစရှိတဲ့ ဝန်ဆောင်မှုတွေဟာ အောက်ခြေလူထုကနေ ရွေးကောက်တင်မြှောက်ပြီး ဗဟိုအဆင့်ကို တက်လာတာရှိသလို ဗဟိုကနေချမှတ်တဲ့ မူဝါဒတချို့ကလည်း အောက်ခြေ ခရိုင်၊ မြို့နယ်အဆင့်ကနေ ပြန်ကျင့်သုံး ဖော်ဆောင်တာတွေ ရှိပါတယ်။ ဒီလို တိုင်းရင်းသားဒေသတွေက ဖက်ဒရယ်မူနဲ့အတူ ဝန်ဆောင်မှုတွေ ပေးနေပေမဲ့ တနိုင်ငံလုံးအနေနဲ့ ဖော်ဆောင်နိုင်ဖို့က ပြဿနာများစွာ ရှိနေပြန်ပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ဗဟိုချုပ်ကိုင်မှုနစ်နဲ့ လူမျိုးကြီးဝါဒ ကြီးစိုးနိုင်ခဲ့မှုကြောင့် ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးမှုတွေအတွက် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ပုံစံသစ်နဲ့ ရေးဆွဲလုပ်ဆောင်ဖို့ တိုင်းရင်းသားတွေက ကြိုးစားလုပ်ဆောင်နေပေမဲ့ အထမမြောက်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။
မြန်မာစစ်အုပ်စုကတော့ ဖက်ဒရယ်ဆိုတာ ခွဲထွက်တာဖြစ်တယ်လို့ ဝါဒမှိုင်းတိုက် ခြိမ်းခြောက်ပြီး တိုင်းရင်းသားတွေရဲ့ ဖက်ဒရယ်အရေး ကြိုးစားမှုတွေကို ခေတ်အဆက်ဆက် ဖမ်းဆီးနှိပ်ကွပ်တာတွေ အစဉ်တစိုက် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
လတ်တလော ရှမ်းမြောက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီးလည်း စစ်ကောင်စီခန့် ယာယီသမ္မတ ဦးမြင့်ဆွေက “နယ်စပ်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို အစိုးရအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဆောင်ရွက်နိုင်ခြင်း မရှိဘူးဆိုရင် တိုင်းပြည် အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲသွားနိုင်ပါတယ်” လို့ နိုဝင်ဘာ ၈ ရက် ကာလုံအစည်းအဝေးအဝေးမှာ ပြောပါတယ်။
မြန်မာနိုင်ငံမှာ တက်လာတဲ့အစိုးရ အဆက်ဆက်ကလည်း ဒီလို တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ်ကံကြမ္မာ ဖန်တီးခွင့် မပြုခဲ့မှုတွေကြောင့်လည်း ဆန့်ကျင်ဆန္ဒပြမှု၊ လက်နက်ကိုင်တော်လှန်မှုတွေ နှစ်ပေါင်း ၇၀ ကျော်ကြာတဲ့အထိ ဆက်လက်ရှိနေတာဖြစ်ပြီး အခုနောက်ဆုံး နွေဦးတော်လှန်ရေးမှာ ယူနစ်တွေဖွဲ့ပြီး ပြုပြင်ဖို့ ကြိုးစားလာရတာ ဖြစ်ပါတယ်။
သံလွင်ပြည်သူ့မူဝါဒလေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ယင်းလောဝ်က “အခုလက်ရှိမှာ ဒေသန္တရအစိုးရတွေ ဖန်တီးနေတယ်၊ ယူနစ်တွေ ရေးဆွဲနေတယ်ဆိုတာ ကိုယ့်ကံကြမ္မာကို ဖန်တီးနေကြတာဖြစ်လို့ ကိုယ့်ရဲ့ ကိုယ်ပိုင်အချုပ်အခြာအာဏာကို ကျင့်သုံးတာဖြစ်တယ်။ ဒီလိုမျိုး ကိုယ်ပိုင်အချုပ်အခြာအာဏာကို ကျင့်သုံးတာဟာ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကျင့်သုံးတာဟာ ဖက်ဒရယ်စနစ်ရဲ့ အနှစ်သာရလည်းဖြစ်တယ်၊ အခြေခံလည်းဖြစ်တယ်။ ဒီတလျှောက်လုံး ပြည်ထောင်စုစနစ် အားမကောင်းခဲ့ရတာဟာ ပြည်နယ်တွေ အားမကောင်းခဲ့လို့ ဖြစ်တယ်။ ပြည်နယ်တွေ အားမကောင်းခဲ့ရတဲ့ အကြောင်းအရင်းက ဒေသန္တရအစိုးရတွေ စနစ်တကျနဲ့ မရှိခဲ့လို့ဖြစ်တယ်။ အခုချိန် ဒါတွေလုပ်ဖို့ ကြိုးစားနေတာ ဖြစ်တယ်။ ဒါက ဖက်ဒရယ်စနစ်အတွက် ကောင်းတဲ့အလားအလာ ဖြစ်တယ်။ အပြုသဘောဆောင်တဲ့ ခြေလှမ်းဖြစ်တယ်လို့ ကျမတို့ အကြမ်းအားဖြင့် သုံးသပ်လို့ရတယ်။”
ဒါ့အပြင် သူက ဆက်ပြီး “ပြည်နယ်တိုင်း၊ ပြည်နယ်တိုင်းက သူ့အတွက် အဆင်ပြေတဲ့ နည်းလမ်းကို ရှာဖွေကျင့်သုံးပြီးတော့မှ သူဖန်တီးနေတာဖြစ်တယ်၊ သူပုံဖော်နေတာဖြစ်တယ်။ ဒါက ပြည်ထောင်စုအတွက် ဘာမှ စိတ်ပူစရာအကြောင်းမရှိဘူး။ ပြည်နယ်တွေက သူ့ပြည်နယ်ရဲ့ အတွင်းရေးကိစ္စကို ကျင့်သုံးနေတာဖြစ်တယ်။ ပြည်ထောင်စုရဲ့ အပူမဟုတ်ဘူး။ ပြည်ထောင်စုက စဉ်းစားရမှာက သူနဲ့ ပြည်နယ်တွေအကုန်လုံး ကြားထဲမှာ ဘာတွေဖြစ်တယ်။ နောက် တပြိုင်တည်း ပြောချင်တာက ပြည်ထောင်စုလို့ပြောရင် အန်ယူဂျီမဟုတ်ဘူး။ ပြည်ထောင်စုလို့ပြောရင် အန်အယ်လ်ဒီမဟုတ်ဘူး။ ပြည်ထောင်စုဆိုတာ ပြည်နယ်တွေ၊ ပြည်နယ်တွေကနေပြီးတော့မှ စေလွှတ်လိုက်တဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းတဲ့ဟာကို ပြည်ထောင်စုလို့ ခေါ်တာဖြစ်တယ်။ ဆိုတော့ ပြည်ထောင်စုတွေဟာလည်း ပြည်နယ်တွေဖြစ်တယ်။ ပြည်နယ်တွေဆိုတာကလည်း ပြည်ထောင်စုဖြစ်တယ်” လို့ ပြောပါတယ်။
တချို့လူတွေကတော့ ဒီလို ယူနစ်တွေ၊ ပြည်နယ်အုပ်ချုပ်ရေးအစိုးရတွေ ဖွဲ့လိုက်တာ မြန်မာပြည်ကို ထပ်ပြီး ကွဲပြားစေနိုင်လားဆိုတာ စိုးရိမ်တဲ့ အမြင်တွေလည်း ရှိနေပါတယ်။
ဒါနဲ့ပတ်သက်ပြီး ယင်းလောဝ်က “အခုအခင်းအကျင်းမှာ ပြဿနာဖြစ်နေတဲ့လူတွေက သူ့ကိုယ်သူ ဗဟိုလို့ယူဆလို့ ကျန်တဲ့လူတွေနဲ့အတူ အာဏာလုရမယ်လို့ သူထင်လို့ သူက ပြဿနာဖြစ်နေပြီလေ။ ဒါပေမဲ့ ကျမတို့သွားချင်တဲ့ နောင်အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုမှာ ပြည်ထောင်စုအဆင့်မှာရှိနေတဲ့ လူတွေကလည်း ပြည်နယ်တွေကို ကိုယ်စားပြုမယ့်လူတွေပဲ ဖြစ်တယ်။ ကိုယ့်ရဲ့ပြည်နယ်ရဲ့အကျိုးကို ဖော်ဆောင်ဖို့အတွက် ပြည်ထောင်စုအစိုးရမှာ သွားပြီးတော့ ကိုယ့်ပြည်နယ်ကိုယ်စား သွားပြီး ဝန်ဆောင်မှုလုပ်မယ့်လူတွေ ဖြစ်တယ်ဆိုရင် ပြည်ထောင်စုရောက်သွားရင်တောင်မှ သူက သူ့ပြည်နယ်အကျိုးပဲ သူကြည့်မှာပဲ။ ဆိုတော့ အခုလောလောဆယ် ပြည်နယ်တွေ ဖြစ်ချင်တိုင်းဖြစ်နေတယ်ဆိုပြီး Complain ထိုင်တက်နေတဲ့ လူတွေက သူ့ကိုယ်သူ ပြည်ထောင်စုလို့ သူမြင်လို့ သူ Complain တက်နေတာ” လို့ ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟိုကော်မတီဝင်ဖြစ်သလို ဝါရင့် တော်လှန်ရေးခေါင်းဆောင်လည်းဖြစ်တဲ့ ပဒိုစောသမိန်ထွန်းက “ယူနစ်တွေ၊ ယူနစ်တွေ ဖွဲ့စည်းလိုက်တာဟာ နိုင်ငံကွဲပြားမလာနိုင်ပါဘူး။ ကွဲပြားလို့လည်း ကနေ့တိုင်းပြည် အခြေအနေက လုပ်လို့မရဘူး။ ကွဲပြားရင် တရုတ်လား၊ ဘင်္ဂလားဒေ့ရှ်လား၊ ထိုင်းလား၊ အိန္ဒိယလား စားမှာပဲ။ ကပ်ဖက်ကပ်ဖက်နဲ့ တွယ်သွားမှာပဲ။ အဲတော့ အဲဒါ ကွဲလို့မရဘူး။ ကိုယ့်ယူနစ်၊ ကိုယ့်အခွင့်အရေး ပေါင်းလိုက်တာပဲ။ ပေါင်းလိုက်ပြီး အံမဝင် ခွင်မကျရင်ပြင်၊ ဒါ ရိုးရိုးလေးပဲ” လို့ ပြောပါတယ်။
ရက္ခိုင့်တပ်တော် (အေအေ) ကတော့ ရက္ခိတလမ်းစဉ် ချမှတ်ထားပြီး ရက္ခိတလမ်းစဉ်ဆိုတာက ရခိုင့်ကံကြမ္မာကို ရခိုင်တွေ ဖန်တီးဖို့ အဓိကအချက်ဖြစ်တယ်လို့ ပြောထားပါတယ်။
ဒါပေမဲ့ ရခိုင်ပြည်သူတွေလိုချင်တဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို မြန်မာနိုင်ငံအတွင်းမှာ နေရာမရှိဘူးလို့ ပြောလာရင်တော့ အမျိုးသားနိုင်ငံတော် တည်ဆောက်သွားမယ်လို့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက မတ်လ ၅ ရက် အွန်လိုင်းကနေကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီဗွီဘီရဲ့ မေးမြန်းချက်ကို ဖြေကြားထားပါတယ်။
ULA/AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက “ကျနော်တို့ ULA/AA အနေနဲ့ ကျနော်တို့ ပြည်သူတွေ ဖြစ်ချင်တဲ့ နိုင်ငံရေးဆန္ဒကို လက်ရှိ ရှိနေတဲ့ မြန်မာနိုင်ငံဆိုတဲ့ အဝိုင်းအဝန်းမှာ နေရာမရှိဘူး ဆိုရင်တော့ ကျနော်တို့က နိုင်ငံတကာရဲ့ အသိမှတ်ပြုမှုတွေကိုရအောင် ကျနော်တို့ ကိုယ့်ဟာကို ဆက်လုပ်သွားရမယ့် အနေအထား ဖြစ်ပါတယ်။ တိုတိုနဲ့ လိုရင်းပြောရမယ်ဆိုရင် ကျနော်တို့လိုချင်တဲ့ နိုင်ငံရေးရည်မှန်းချက်ကို ဖန်တီးလို့ရမယ်ဆိုရင်တော့ အခုရှိနေတဲ့ မြန်မာနိုင်ငံအထဲက တခြားတိုင်းရင်းသားတွေနဲ့အတူ ကျနော်တို့ ဆက်ပြီး ရှိနေနိုင်တယ်။ သို့တည်းမဟုတ် ကျနော်တို့လိုချင်တဲ့ နိုင်ငံရေးအဆင့်အတန်းကို ဒီပြည်ထောင်စုထဲမှာ နေရာမရှိ ဆိုရင်တော့ ကျနော်တို့ကိုယ်တိုင် ဖန်တီးပြီးတော့ ကျနော်တို့အစိုးရနဲ့ ကျနော်တို့ အနာဂတ်အမျိုးသားနိုင်ငံတော်ကို ကျနော်တို့ကိုယ်တိုင် ဆက်ပြီးတော့ နိုင်ငံတကာနဲ့အတူ လက်တွဲပြီး တည်ဆောက်သွားရမှာဖြစ်တယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ ပထဝီအနေအထားအရ ကြီးမားကျယ်ပြန့်သလို တိုင်းရင်းသားလူမျိုး အများအပြားရှိနေတဲ့ ရှမ်းပြည်နယ်မှာလည်း အရင်က ရှမ်းဒီမိုကရေစီယူနီယံ ဖွဲ့စည်းခဲ့ပြီး ရှမ်းပြည်ဖွဲ့စည်းပုံမူကြမ်း ရေးဆွဲထားတာ ရှိပါတယ်။
ဒါပေမဲ့ နွေဦးတော်လှန်ရေး စတင်ပြီး နောက်ပိုင်းမှာ ရှမ်းပြည်နယ်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ လှုပ်ရှားတာတွေရှိသလို လက်ရှိမှာ တအာင်းပလောင်နဲ့ ပအိုဝ့်လူမျိုးတွေက တောင်းဆိုတာတွေ ရှိနေပါတယ်။
ဖက်ဒရယ်ရေးရာကျွမ်းကျင်သူ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်များအဖွဲ့ MPU အဖွဲ့ဝင် ဦးခွန်မားကိုဘန်းက “ဒါက တကယ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရင်တော့ ပြည်နယ်သစ်များ အခန်းကဏ္ဍဆိုတာ ဖော်ဆောင်ရမှာ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်နယ်လိုချင်တဲ့အဖွဲ့က ပြည်နယ်သစ်များ အခန်းကဏ္ဍဆိုတာ ထည့်သွင်းရတယ်။ ဗိုလ်ချုပ်အောင်ဆန်းတုန်းကလည်း ပြည်နယ်သစ်များ အခန်းကဏ္ဍဆိုတာ အင်္ဂါရပ်များ ၇ ချက် သတ်မှတ်ရတယ်။ ဥပမာ လူဦးရေ အသင့်အတင့် ရှိရမယ်၊ နယ်မြေအကျယ်အဝန်း အသင့်အတင့်ရှိရမယ်။ မြန်မာစကားနဲ့မတူတဲ့ စကားတမျိုးမျိုး ရှိရမယ်။ နောက်ပြီး ဘဏ္ဍာရေးလုံလောက်မှု ရှိရမယ်ဆိုတဲ့ အချက်တွေပေါ့။ ပြည်ထောင်စုအဖွဲ့ဝင် နယ်တနယ်ဆိုတဲ့ အချက်ပေါ့” လို့ ပြောပါတယ်။
စစ်အုပ်စုကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဖက်ဒရယ်စနစ်ကို အခြေခံထားတာ ဖြစ်တယ်လို့ အခိုင်အမာပြောနေပေမဲ့ တိုင်းရင်းသားတွေဘက်ကတော့ ဒါဟာ ဗဟိုကနေ အာဏာချုပ်ကိုင်ထားတဲ့ တပြည်ထောင်စနစ်ပဲ ဖြစ်တယ်လို့ ဝေဖန်ထောက်ပြနေတာဖြစ်ပြီး ဒီ ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့ ဒါမှမဟုတ် အသစ်ပြန်လည်ရေးဆွဲဖို့ တောင်းဆို တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးနောက်ပိုင်း လက်ရှိ မြန်မာနိုင်ငံမှာ ဖက်ဒရယ်ယူနစ် ဖော်ဆောင်တာ ကြားကာလစုစည်းရေးအတွက် ကောင်းပေမဲ့ တကယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖက်ဒရယ်ပြည်ထောင်စု ဆိုရင် မြန်မာအမျိုးသားများအတွက် တပြည်နယ်ရှိဖို့ လိုအပ်သလို တိုင်းတွေအတွက် အမျိုးသားများပြည်နယ် ရှိရမှာဖြစ်ကြောင်းလည်း ဦးခွန်မားကိုဘန်းက ပြောပါတယ်။
“တိုင်း ၇ ခု၊ ပြည်နယ် ၇ ခုအတိုင်းပဲ ထားမယ်ဆိုရင် ပြည်သူ့လွှတ်တော်ကလည်း မြန်မာက ဥပမာ ၃၀၀ လောက်ရရင် တိုင်းရင်းသား ၂၀၀ ပဲရတယ်။ အမျိုးသားလွှတ်တော်မှာလည်း မြန်မာက ၁၀၀ တိုင်းရင်းသားက ၁၀၀ ဆိုရင် တခြားပြည်နယ်ထဲမှာလည်း မြန်မာအမျိုးသားက ထပ်ရမယ်ဆိုရင် အဲမှာ ဥပဒေပြုအာဏာက အမြဲတမ်း မြန်မာက လွှမ်းမိုးမယ်ဆိုရင်တော့ တိုင်းရင်းသားတန်းတူရေး ဘယ်တော့မှမရဘူး။ တိုင်းရင်းသားတန်းတူရေးဆိုတာက အမျိုးသားလွှတ်တော်မှာက မြန်မာပြည်နယ်တခု ရှိဖို့လိုတယ်။ အဲဒါမှ တိုင်းရင်းသားတန်းတူရေး ရမယ်။ အခုန ဖိုရမ်တို့၊ စုရပ်တို့ စစ်ရေးအရ၊ အုပ်ချုပ်ရေးအရ လောလောဆယ် ကြားကာလအနေနဲ့ လုပ်လို့တော့ရပေမဲ့ တကယ့် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု ဆိုရင်တော့ မြန်မာအမျိုးသားများပြည်နယ် ရှိကိုရှိမှ တန်းတူရေးဖြစ်မယ်။”
ဖက်ဒရယ်စနစ်ကို အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ၊ အိန္ဒိယ၊ ဘရာဇီး၊ အာဂျင်တီးနား၊ မက္ကဆီကိုနဲ့ ဥရောပနိုင်ငံတွေမှာ ကျင့်သုံးနေကြတာဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ဘယ်လိုပုံစံနဲ့ ကျင့်သုံးမယ်ဆိုတာ တိတိပပ သဘောတူ သတ်မှတ်ထားတာတော့ မရှိပါဘူး။
ဖက်ဒရယ်မှာ အစိုးရစနစ်နှစ်ခု ရှိပါတယ်။ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ အစိုးရစနစ်နဲ့ ပြည်နယ်အဆင့် အစိုးရ၊ ကိုယ့်ပြည်နယ်နဲ့ဆိုင်တဲ့ ကိစ္စတွေကို စီမံခန့်ခွဲအုပ်ချုပ်တဲ့ စနစ်ဆိုပြီး ရှိပါတယ်။ အစိုးရ အဆင့်နှစ်ရပ်လုံးက တူညီတဲ့ ပထဝီဧရိယာအပေါ်မှာ တဦးနဲ့တဦး အမှီအခိုကင်းစွာ အာဏာကို ခွဲဝေကျင့်သုံးကြတာ ဖြစ်ပါတယ်။
အန်အယ်လ်ဒီအစိုးရလက်ထက် ကျင်းပခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေးတွေမှာတော့ ဒီမိုကရေစီ ဖက်ဒရယ်စနစ်နဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ဆိုပြီး ဆွေးနွေးငြင်းခုန်ခဲ့ကြတာ ရှိပါတယ်။ ဒါပေမဲ့ လက်ရှိ အာဏာသိမ်းစစ်ကောင်စီ ခေါ်ယူကျင်းပနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာတော့ စစ်ကောင်စီက ဒီမိုကရေစီဖက်ဒရယ်စနစ် သွားမယ်လို့ ပြောနေပေမဲ့ ဆွေးနွေးဘက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကတော့ ဒါနဲ့ပတ်သက်ပြီး စောဒကတက်တာ မကြားသိရပါဘူး။
စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ တော်လှန်ရေးအဖွဲ့တွေ အကြားမှာတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့နဲ့ ပတ်သက်ပြီး ပဋိညာဉ်တခု ရေးဆွဲထားပြီးဖြစ်သလို ယေဘုယျ သဘောတူညီမှု ရထားဖွယ် ရှိနေပါတယ်။
အနာဂတ် မြန်မာနိုင်ငံကို ဘယ်လို ဖက်ဒရယ်စနစ်နဲ့ သွားမယ်ဆိုတာ တိုင်းရင်းသား လူမျိုးစုတွေအလိုက် တခုချင်းစီမှာ ကိုယ်ပိုင်ရည်မှန်းချက်တွေ ရည်ရွယ်ချက်တွေ ရှိနေမှာဖြစ်သလို မြန်မာပြည်သူတဦးချင်း တယောက်ချင်းစီကလည်း သူတို့နိုင်ငံရဲ့ ကံကြမ္မာကို သူတို့ ဘယ်လိုသတ်မှတ် ဆုံးဖြတ်ချင်လဲ ဆိုတဲ့အပေါ်မှာလည်း မူတည်နေမှာ ဖြစ်ပါတယ်။
နော်နိုရင်း