Home
မြန်မာသတင်း
ပြည်တွင်းစက်သုံးဆီစျေး စံချိန်တင်ခုန်တက်
DVB
·
December 1, 2023
oil 1122023

ပြည်တွင်းစက်သုံးဆီစျေးနှုန်းဟာ ဒီဇင်ဘာ ၁ ရက် ဒီနေ့မှာ စံချိန်တင်ခုန်တက်သွားတယ်လို့ စျေးကွက်စာရင်းနဲ့ ယာဥ်မောင်းတွေဆီက သိရပါတယ်။

ဒီနေ့အတွက် စက်သုံးဆီရည်ညွန်းလက်ကားစျေးနူန်းဟာ အောက်တိန်း - ၉၂ တလီတာ ၂,၅၁၀ ကျပ်၊ အောက်တိန်း- ၉၅ တလီတာ ၂,၆၄၀ ကျပ်ဖြစ်ပြီး မနေ့ကထက် တလီတာကို ၃၄၀ ကျပ်စီ မြင့်တက်ခဲ့တာပါ။

ဒါ့အပြင် လက်ကားရည်ညွှန်းစျေး ဒီဇယ်တလီတာကို ၂,၂၁၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာကို ၂,၃၀၅ ကျပ်နှုန်းဖြစ်ပြီး မနေ့ကထက် တလီတာကို ၁၀ ကျပ်နဲ့ ၁၅ ကျပ်စီ တက်သွားပါတယ်။

အခုလို စက်သုံးဆီစျေးတက်ရတာဟာ စစ်ကောင်စီက ဆီဝယ်ယူဖို့ ဒေါ်လာငွေကို ဗဟိုဘဏ်ပေါက်စျေးအတိုင်း ချထားပေးမှု ရပ်လိုက်တာကြောင့်လို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေကြား ပြောဆိုနေကြပါတယ်။

စစ်ကောင်စီက မူလက တင်သွင်းမယ့် စက်သုံးဆီ ၄၀ ရာခိုင်နှုန်းအတွက် ဒေါ်လာငွေကို ဗဟိုဘဏ်ပေါက်စျေး ၂၁၀၀ ကျပ်နဲ့ ရောင်းပေးတာကို ရပ်လိုက်လို့ တင်သွင်းမယ့် ကုမ္ပဏီတွေအနေနဲ့ ဒေါ်လာပြင်ပပေါက်စျေးအတိုင်း ဝယ်ယူနေရတာကြောင့်လို့ ဆိုပါတယ်။

အောက်တိန်းဆီဟာ မထင်မှတ်ဘဲ ခုန်တက်သွားပြီး စျေးကွက်အတွင်း ရိုက်ခက်မူတွေရှိနေတယ်လို့ အလတ်စားစက်သုံးဆီ အရောင်းဆိုင်ဖွင့်ထားသူတဦးက ပြောပါတယ်။

"စျေးတက်မယ်လို့တော့ တွက်ထားကြတာ။ ဒီလောက်ခုန်တက်လိမ့်မယ်တော့ မထင်ဘူးလေ။ စျေးခုန်တက်သွားလို့လားမသိဘူး၊ ဒီမနက် ဆီဖြည့်မယ့် ကားနည်းသွားတယ်။ ဆီစျေးထပ်တက်မယ်ဆိုရင်တော့ လက်ရှိစျေးနဲ့ ကြိုစုမယ့်သူတွေ များလာနိုင်တယ်။" 

အခုလို စက်သုံးဆီစျေး ခုန်တက်သွားတာကြောင့် ဆီကို ပုံမှန်ဝယ်ဖြည့်နေကြထက် လျှော့ဖြည့်လိုက်ရတယ်လို့ တောင်ဥက္ကလာပမြို့နယ်ရှိ အငှားယာဥ်မောင်းတဦးက ပြောပါတယ်။

အောက်တိန်းဆီစျေးခုန်တက်သွားပေမယ့် ကမ္ဘာရေနံစိမ်းစျေးဟာ တစည်ကို ၇၆ ဒေါ်လာဝန်းကျင်နဲ့ စျေးသိသိသာသာ မပြောင်းသေးဘူးလို့ စျေးကွက်သတင်းတွေအရ သိရပါတယ်။

ပြည်တွင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ဆီပြတ်လပ်မူရှိခဲ့လို့ စက်သုံးဆီဝယ်ယူရ ခက်ခဲတဲ့ အခြေအနေတွေ ရှိခဲ့ပါသေးတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024