ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာအုပ်စုထဲမှာ နိုဝင်ဘာ ၃၀ မနက်ပိုင်းက ယာခင်းထဲကို လက်နက်ကြီးကျည် ကျလာတာကြောင့် ရွာသူ တယောက် ကျည်ထိမှန်ဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးသွားပါတယ်။
ဟိုနားကုန်းဆာကျေးရွာက နန်းအေးကြည် (၂၇ နှစ်) နဲ့ ခင်ပွန်းဖြစ်သူတို့ဟာ မနေ့က ယာခင်းထဲက ပြောင်းဖူးတွေ သွားချိုးယူစဉ် လက်နက်ကြီးကျည် ကျလာတာလို့ နန့်ပေါင်ဒေသခံတဦးက ပြောပါတယ်။
“သူ့မိန်းမက ပြောင်းဖူးချိုးနေပြီး သူ့ယောကျ်ားက ချိုးပြီးတဲ့ပြောင်းဖူးတွေကို ထော်လာဂျီကားပေါ် သွားတင်နေတာ။ အဲဒီမှာ လက်နက်ကြီးကျပြီး ကျည်စက သူ့မိန်းမရဲ့ ညာဘက်ပခုံးကနေဝင်ပြီး ဘယ်ဘက်ဂျိုင်းအောက်ကို ဖောက်ထွက်သွားတယ်။ အဲဒီနားမှာပဲ ပွဲချင်းပြီးဆုံးတာ၊ သူ့ယောက်ျားပါ အဲဒီမှာရှိရင် နှစ်ယောက်လုံးထိမှာ။”
ဟိုနားကုန်းဆာရွာဟာ အိမ်ခြေဆယ်ဂဏန်းမျှသာရှိတဲ့ ရွာငယ်လေးဖြစ်ပြီး လားရှိုးမြို့ အရှေ့ဘက် ၁၅ မိုင်ခန့်အကွာမှာရှိပါတယ်။
ရွာနားမှာလည်း တိုက်ပွဲမဖြစ်ပေမဲ့ ညအချိန်ဆို မြောက်ပိုင်းမဟာမိတ်ဘက်က စစ်တပ်ရှိရာဘက်ကို အဝေးကနေ လှမ်းပစ်သလို စစ်ကောင်စီတပ်ဘက်ကလည်း လားရှိုးမြို့ထဲကနေ မြောက်ပိုင်းမဟာမိတ်တွေရှိမယ်လို့ ယူဆရတဲ့ မြို့ပြင်ဘက်ကို နေ့စဉ် ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
ဒေသခံတဦးက “မနေ့က လက်နက်ကြီး ၅ လုံး ပစ်သံကြားရပြီး တချို့က ယာခင်းထဲကိုကျလာတယ်၊ အဲဒီကျေးရွာတဝိုက်က ရွာသားတွေဟာ ပြောင်းစိုက်လုပ်ငန်းကိုသာ အသက်မွေးဝမ်းကျောင်း ပြုပြီး အခုလို တောင်ယာခင်းထဲ ပြောင်းခင်းထဲ လက်နက်ကြီးကျလာတာကြောင့် နောက်နေ့တွေမှာ လယ်ယာလုပ်ငန်းခွင် မဆင်းရဲတော့ဘူး၊ ပြောင်းဈေးတွေ ကျနေတဲ့ကြားထဲက ခုလိုထပ်ဖြစ်တော့ ရှေ့ရေးအတွက် ဝမ်းစာရေးအခက်အခဲ ရှိနိုင်တယ်” လို့ ပြောပါတယ်။
လားရှိုးမြို့နယ်ထဲမှာ မြောက်ပိုင်းမဟာမိတ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား အောက်တိုဘာ ၂၇ ရက်က စခဲ့တဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၆,၀၀၀ နီးပါး လားရှိုးမြို့ပေါ် ဘုန်းကြီးကျောင်းနဲ့ ခရစ်ယာန်ကျောင်း စုစုပေါင်း ၂၀ ကျော်မှာ ခိုလှုံနေပါတယ်။
အလှူရှင်တွေရဲ့ ကူညီမှုနဲ့ နေ့စဉ် သောက်ရေနဲ့ အစားအစာ ထောက်ပံ့ဝေငှပေးလျက်ရှိကြောင်း၊ လွန်ခဲ့တဲ့ ၂ ရက်လောက်ကစ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ဘက်ကနေ စစ်ရှောင်လာတဲ့သူ နေ့စဉ် ထောင်နဲ့ချီရှိပြီး သူတို့ကတော့ မြေပြန့်ဒေသက အများစုဖြစ်ကာ လားရှိုးကို ဖြတ်သန်းလာစဉ် လားရှိုးဒေသခံ အလှူရှင်တွေက ထမင်းထုပ်တွေ ဝေငှပေးလျက်ရှိတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ - လားရှိုးဒေသခံ