ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းနဲ့ ဧရာလမ်းထောင့်မှာရှိတဲ့ အထက ၃ ကျောင်းအဝင် စစ်ကောင်စီဂိတ်မှာ နိုဝင်ဘာ ၃၀ ရက် ည ၇ နာရီလောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြောက်ဥက္ကလာပမြို့ခံတဦးက “၇ နာရီကျော်လောက်မှာ အုန်းဆိုပြီး မြေကြီးတွေပါ တုန်သွားတာ။ ကျောင်းရှေ့ အဝနားတင်ပဲ။ ခရီးသွားတွေ ပြေးကြတာပဲတွေ့တာ။ ကျောင်းနားကဆိုင်တွေတော့ ပိတ်ကုန်ကြတယ်။ စစ်သားတွေ လာစစ်တာတော့ မတွေ့ဘူး” လို့ ပြောပါတယ်။
အဆိုပါဂိတ်ကို ဗုံး ၃ လုံးနဲ့ ဖောက်ခွဲခဲ့တာဖြစ်ပြီး အရှေ့ပိုင်းခရိုင် ပကဖ နဲ့အတူ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
မြောက်ဥက္ကလာပမြို့နယ် ပကဖ တပ်ဖွဲ့ ၂ တာဝန်ရှိသူတဦးက “ကျောင်းတွေ၊ ဘုရားတွေမှာပါ တပ်စွဲလာတဲ့ စစ်ကောင်စီကို မြို့ပြပြောက်ကျားတွေက လက်မခံသလို မြို့နယ်ပြည်သူတွေကလည်း ကြောက်စိတ်မရှိဘူးဆိုတာ ပြသလိုက်တာပါ။ ရန်ကုန်ဟာ အခုဆို စစ်ရေးအရှိန်တွေ မြှင့်လာပါပြီ။ ပြည်သူတွေအနေနဲ့လည်း စကစရဲ့အနီးဝန်းကျင် သွားလာတာတွေ ရှောင်ကြဖို့ အသိပေးတာပါ။ ဆက်လက်ပြီးလည်း တိုက်ခိုက်သွားဦးမှာပါ” လို့ ပြောပါတယ်။
နိုဝင်ဘာ ၂၉ ရက် ညပိုင်း ၇ နာရီ မိနစ် ၄၀ လောက်ကလည်း အင်းစိန်မြိို့နယ်၊ သီရိမင်္ဂလာလမ်းမရှိ စစ်ကောင်စီတပ်ရဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်လုပ်ငန်း ကားဝင်းမှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။