ထိုင်ဝမ်ဒေသရဲ့ လုံခြုံရေးဟာ အမေရိကန်လုပ် လက်နက်တွေမဟုတ်ဘဲ ငြိမ်းချမ်းတဲ့ ရေလက်ကြား ဖြတ်ကျော် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် မူတည်နေတာဖြစ်ကြောင်း တရုတ် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူးချန်းက ပေကျင်းမြို့တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ထိုင်ဝမ်ဟာ စစ်ဆင်ရေးတွေမှာ မပါဝင်တော့ပဲ ကမ်းမှာပဲ ရပ်နားထားတဲ့ တိုက်ပွဲဝင်သင်္ဘော (LCS) ၆ စင်းကို ဝယ်ယူဖို့နဲ့ ကမ်းရိုးတန်းမှာ တပ်ဆင်ထားတဲ့ ဟာဖွန်းဒုံးကျည်လွှတ် နေရာ ၆ ခုနဲ့ ရှောင်းဖုန်းဒုံးကျည်လွှတ်နေရာ ၉ ခုတို့ကို တည်ဆောက်ဖို့အပြင် မိုက်ခရို ဒရုန်း ၁,၄၈၅ ခုကို ဝယ်ယူဖို့တွေ စီစဉ်နေကြောင်း ထိုင်ဝမ်မီဒီယာတွေရဲ့ ဖော်ပြမှုကို တရုတ်အစိုးရက တုံ့ပြန် ပြောဆိုခဲ့တာပါ။
ထိုင်ဝမ်ရဲ့ လုံခြုံရေးဟာ အမေရိကန်လုပ် လက်နက်အနည်းငယ်လောက်ကို အားကိုးနိုင်မှာ မဟုတ်ကြောင်းလည်း ဝူးချန်းက ပြောကြားခဲ့ပါတယ်။
ထိုင်ဝမ်လွတ်လပ်ရေးအတွက် အမေရိကန်ရဲ့ ထောက်ခံမှုရရှိဖို့ ထိုင်ဝမ်က DPP ပါတီ အာဏာပိုင်တွေရဲ့ ကြိုးပမ်းမှုဟာ ထိုင်ဝမ်ကို လက်နက်တိုက်နဲ့ ပေါက်ကွဲစေတတ်သော ကျွန်းနိုင်ငံအဖြစ် ပြောင်းလဲနေတာပဲလို့လည်း ဆိုပါတယ်။
ဒါဟာ ထိုင်ဝမ်ကို ချောက်ထဲကျရုံသာမက ထိုင်ဝမ်နိုင်ငံသားတွေအတွက် ဘေးဥပဒ်က လွဲလို့ ဘာကိုမှ လုပ်ဆောင်ပေးနိုင်မှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို အခိုင်အမာ ကာကွယ်ဖို့နဲ့ ထိုင်ဝမ်ရေလက်ကြားတလျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အခိုင်အမာကာကွယ်ဖို့ အသင့်ရှိနေလိမ့်မှာဖြစ်ကြောင်း အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူးချန်းက ပြောပါတယ်။
Source/Photo-Reuters