အစ္စရေးနဲ့ ဟားမတ်စ်တို့ရဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် နောက်ဆုံးမိနစ်မှာ ဟားမတ်စ်အဖွဲ့ဟာ နိုဝင်ဘာ ၃၀ ရက်က အစ္စရေးဓားစာခံ ၈ ယောက်ကို ပြန်လွှတ်ပေးခဲ့သလို အစ္စရေးဘက်ကလည်း ပါလက်စတိုင်းအကျဉ်းသား ၃၀ ကို လွှတ်ပေးခဲ့ပါတယ်။
ဒီဇင်ဘာ ၁ ရက် အစောပိုင်းမှာ ပါလက်စတိုင်း အကျဉ်းသားတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစီးဟာ အနောက်ဘက်ကမ်းရှိ အိုဖာအကျဉ်းထောင်က ထွက်ခွာသွားခဲ့ပြီး ဂါဇာရှိ ဟားမတ်စ်တွေ ဖမ်းဆီးထားရာကနေ လွတ်မြောက်လာတဲ့ အစ္စရေး ဓားစာခံတွေလည်း တဲလ်အဗစ်အနီးရှိ ရှီဗာ ဆေးဘက်ဆိုင်ရာစင်တာကို ဒီဇင်ဘာ ၁ ရက် မနက်အစောပိုင်းမှာ ရောက်ရှိလာခဲ့ပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်တို့ဟာ ကြာသပတေးနေ့ကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စစ်ပွဲ ခေတ္တရပ်နားမှု သတ္တမမြောက်နေ့အဖြစ် ထည့်သွင်းဖို့ သဘောတူညီခဲ့ကြပြီး အီဂျစ်နဲ့ ကာတာ ဖျန်ဖြေသူတွေကလည်း နောက်ထပ် ၂ ရက် သက်တမ်းတိုးရေး ညှိနှိုင်းဖို့ လုပ်ဆောင်နေကြောင်း အီဂျစ်နိုင်ငံပိုင် မီဒီယာအေဂျင်စီက ပြောကြားခဲ့ပါတယ်။
ကာတာကြားဝင်ဆောင်ရွက်နေတဲ့ အပစ်အခတ်ရပ်စဲရေးကို ဆက်လက်လုပ်ဆောင်နေရာမှာ အစ္စရေးက ဟားမတ်စ်ကို နေ့စဉ် ဓားစာခံ ၁၀ ဦးကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ပြီး ကြာသပတေးနေ့မှာတော့ ဓားစာခံ ၈ ဦးထက် ကျော်လွန်ပြီး လွတ်မြောက်လာမယ့်သူ မရှိတော့ကြောင်း ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အစ္စရေးရဲ့ ချေမှုန်းမှုကြောင့် လူ ၂ ဒသမ ၃ သန်းရှိတဲ့ ကမ်းရိုးတန်းနယ်မြေအများစုကို စွန့်ပစ်မြေယာအဖြစ် လျှော့ချလိုက်ပြီးနောက်မှာ အပစ်အခတ်ရပ်စဲရေးဟာ ဂါဇာထဲကို လူသားချင်း စာနာထောက်ထားမှု အကူအညီတချို့ကို ဝင်ခွင့်ပြုပေးခဲ့ပါတယ်။
Source/Photo-Reuters