ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်မှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ မြန်မာအလုပ်သမား ၁၈ ဦးဟာ လုပ်အားခ ၃ လစာ မရတဲ့အပြင် အလုပ်ကပါ နှင်ထုတ်ခံရတယ်လို့ WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ထံက သိရပါတယ်။
ချွန်ပူလီခရိုင် နောင်းလွန်ဒေသရှိ ADVANCE PREFAB ဆောက်လုပ်ရေးလုပ်ငန်းမှာ ကန်ထရိုက်ယူထားတဲ့ ထိုင်းအလုပ်ရှင်က စက်ရုံမှာ အလုပ်လုပ်နေတဲ့ MOU သဘောတူညီချက်နဲ့ ဝင်ရောက်လာတဲ့ အလုပ်သမား ၁၅ ဦးနဲ့ Name List စာရွက်ကိုင်ဆောင်ထားတဲ့ အလုပ်သမား ၃ ဦး စုစုပေါင်း ၁၈ ဦးတို့ရဲ့ ၃ လစာလုပ်ခ ဘတ် ၆ သိန်းနီးပါးကို မပေးဆောင်တဲ့အပြင် အလုပ်ကပါ နှင်ထုတ်နေပါတယ်။
အလုပ်သမားတွေဟာ လုပ်ခမရတာ ကြာတဲ့အတွက် စားဝတ်နေရေး ကျပ်တည်းနေတဲ့အပြင် အလုပ်ရှင်က မောင်းထုတ်ဖို့ ကြိုးစားနေတဲ့အတွက် WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ထံ အကူအညီ တောင်းခံခဲ့ပါတယ်။
WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူတဦးက “အလုပ်သမားတွေ အကူအညီတောင်းတဲ့အတွက် ကျနော်တို့က စက်ရုံကို သွားရောက်ခဲ့တယ်။ အလုပ်သမားတွေ မေးမြန်းပြီး သူတို့လုပ်ခရဖို့အတွက် သက်ဆိုင်ရာနဲ့ချိတ်ပြီး လုပ်ဆောင်နေပါတယ်။ အလုပ်ရှင်ကိုလည်း လုပ်ခမပေးဘဲ နှင်ထုတ်ပါက တရာစွဲမှုတွေ လုပ်သွားမယ်လို့ ကျနော်တို့ ပြောထားပါတယ်။ အလုပ်သမားတွေက အလုပ်ရုံထဲမှာပဲ ခုလက်ရှိ ဆက်နေတုန်းပါပဲ” လို့ ပြောပါတယ်။
မြန်မာအလုပ်သမား ၁၈ ဦး လတ်တလော စာရေးသောက်ရေး အဆင်ပြေစေဖို့အတွက် လစာထဲက တဝက်ကို သူဌေးကို ပေးသွားမယ်လို့ ကတိပေးတဲ့အပြင် ကန်ထရိုက်ယူထားတဲ့ အလုပ်ရှင်ကိုလည်း တရားစွဲဆိုသွားမယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ၊ လရောင်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာလည်း နိုဝင်ဘာ ၂၂ ရက်က မြန်မာအလုပ်သမား ၂၃၇ ဦးကို ထိုင်းအလုပ်ရှင်က လစာမပေးတဲ့အတွက် ဒေသခံ ထိုင်းတွေနဲ့ ပေါင်းပြီး အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး (ဆာဝါဒီကန်) ရုံးကို တိုင်ကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင် ရှားပါးတာနဲ့ စီးပွားရေး အဆင်မပြေတာတွေကြောင့် ထိုင်း၊ မလေးရှားနဲ့ တရုတ်တို့မှာ သွားရောက်အလုပ်လုပ်ကိုင်သူ သိသိသာသာ တိုးပွားလာပါတယ်။