Home
မြန်မာသတင်း
ကော့ကရိတ်တွင် တိုက်ပွဲပြင်းထန်နေ
DVB
·
December 1, 2023
Kaw 1122023

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းနဲ့ မြို့ပြင်နေရာတွေမှာ ဒီဇင်ဘာ ၁ ရက် မနက် ၅ နာရီလောက်ကစတင်ပြီး စစ်ကောင်စီတပ်နဲ့ K.N.L.A ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ မြို့ခံလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၁၇ ရက်က တပ်မဟာ ၆ နယ်မြေ ကော့ကရိတ်ခရိုင်အတွင်းက ဌာနဆိုင်ရာဝန်ထမ်းတွေ စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရားက‌နေ ၇ ရက်အတွင်း အမြန်ဆုံး ထွက်ခွာသွားပေးဖို့ ကော့ကရိတ်မြို့နယ်၊ အမြဲတမ်းကော်မတီက ထုတ်ပြန်ပြီးနောက် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာပါ။

ဒီကနေ့မနက် ၂ လောက်ကစတင်ပြီး ကော့ကရိတ်မြို့တွင်းကို လေကြောင်းကနေ ဗုံးတလုံး ကြဲချခဲ့ပြီးနောက် မနက် ၅ နာရီလောက်ကစတင်ပြီး ရုံးကြီးအနောက်၊ သပြေကုန်း၊ မြို့တော်ဦး၊ အမှတ် ၁ ချောင်းတောင် (မြေစာရင်းရုံး)၊ မြို့အဝင် ကြာပန်းအဝိုင်းနဲ့ ခနိမ့်မူတွေမှာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာလို့ ဆိုပါတယ်။

မြို့ခံလူမှုကူညီရေးအသင်းဝင်တဦးက “ထိခိုက်မှုတွေတော့ ရှိတယ်။ ကျနော်တို့တွေကော တခြားလူတွေကော အပြင်ကိုထွက်လို့မရသေးတာ။ တိုက်ပွဲအခြေအနေက အခု ၅ မိနစ်လောက်ရှိပြီ နည်းနည်းငြိမ်သွားတာ။ တမနက်လုံးက ကြမ်းနေတယ်။ မြို့တပတ်လုံးမှာ တိုက်ပွဲဖြစ်နေတာ” လို့ ပြောပါတယ်။

မနက် ၁၀ နာရီလောက်က နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိသူတွေရှိပြီး အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒါအပြင် ကော့ကရိတ်မြို့ ဌာနဆိုင်ရာရုံးတချို့ မီးလောင်ပျက်စီးတာတွေရှိပြီး ကော့ကရိတ်-မြဝတီ (အာရှလမ်း) လမ်းမကြီးကို ပိတ်ထားတာကြောင့် ယာဉ်တွေ ရပ်နားထားရတယ်လို့ ယာဉ်မောင်းတဦးက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအခြေအနေကို စစ်ကောင်စီတပ်ဖွဲ့နဲ့ နီးစပ်သူတွေ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (K.N.L.A) ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ဒီဗွီဘီက ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

အောက်တိုဘာ ၂၇ ရက် မနက် ၅ နာရီလောက်ကစတင်ပြီး ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေ လုပ်ခြုံရေးရယူထားတဲ့ နေရာတွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ရဲသတင်းတပ်ဖွဲ့ရုံး၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေးရုံး ၂ ခု မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024