မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ လေတပ်ဌာနချုပ်ကို သွားရောက်ခဲ့ပြီး ရန်သူတွေရဲ့ ရန်စမှု မှန်သမျှကို တုံ့ပြန်ဖို့ စစ်ရေးပြင်ဆင်မှု အဆင်သင့်ရှိနေဖို့ ပြောဆိုခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ဒီဇင်ဘာ ၁ ရက်မှာ ဖော်ပြပါတယ်။
KCNA သတင်းဌာနမှ ထုတ်ပြန်တဲ့ ဓာတ်ပုံတွေထဲမှာ နိုဝင်ဘာ ၃၀ ရက်မှာ ကျရောက်တဲ့ နိုင်ငံရဲ့ လေကြောင်းတပ်ဖွဲ့ အမျိုးသားနေ့ အထိမ်းအမှတ်အတွက် လေကြောင်းပြပွဲ ကျင်းပနေတဲ့ လေတပ် ဌာနချုပ်ကို ကင်မ်နဲ့ သူ့သမီးတို့ဟာ သွားရောက်ခဲ့ကြပြီးတော့ အဲဒီဝေဟင်ရှိုးပွဲမှာ တိုက်လေယာဉ် တွေကို အမျိုးမျိုး ပျံသန်းပြနေတဲ့ လေကြောင်းစွမ်းရည်တွေကို ကြည့်ရှုခဲ့ ကြပါတယ်။
ကင်မ်ဂျုံအန်းဟာ စစ်တပ်ကို အမြဲအဆင်သင့် ဖြစ်နေဖို့နဲ့ စစ်ပွဲစွမ်းရည်တွေကို မြှင့်တင်ဖို့အတွက် စစ်ဆင်ရေးဆိုင်ရာ မဟာဗျူဟာ လမ်းညွှန်ချက် တွေကိုလည်း ထုတ်ပြန်ခဲ့ကြောင်း KCNA က ဖော်ပြပါတယ်။
မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ ရည်ရွယ်ထားတဲ့ သူ့ရဲ့ပထမဆုံး ကင်းထောက်ဂြိုဟ်တုကို ပြီးခဲ့တဲ့သီတင်းပတ်က အောင်အောင် မြင်မြင် လွှတ်တင်ခဲ့တာဖြစ်ပြီး တောင်ပိုင်းနဲ့ထိစပ်နေတဲ့ သူ့နယ်စပ်မှာ ပိုပြီး အင်အားတောင့်တင်း တဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ လက်နက်သစ်တွေကို နေရာဖြန့်ကျက်ချထားမှာဖြစ်ကြောင်းလည်း ကတိပြု ပြောကြားထားပါတယ်။
Source/Photo - Reuters