အခုသီတင်းပတ်အတွင်း အမေရိကန်စစ်လေယာဉ် မတော်တဆမှု ဖြစ်ပွားပြီးနောက် အမေရိကန်စစ်တပ်က အော့စ်ပရေးလေယာဉ်ကို ဆက်လက်ပျံသန်းနေတာကြောင့် စိုးရိမ်နေတယ်လို့ ဂျပန် ထိပ်တန်းအစိုးရပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၁ ရက်မှာ ပြောပါတယ်။
V-22 အော့စ်ပရေး အမေရိကန်စစ်လေယာဉ်ဟာ နိုဝင်ဘာ ၂၉ ရက်က ဂျပန်နိုင်ငံ အနောက်ပိုင်း ပင်လယ်ထဲကို ပျက်ကျသွားခဲ့ပြီးနောက်မှာ အမေရိကန်ရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ ဂျပန်က သူ့ပိုင်နက်အတွင်း အရေးပေါ်မဟုတ်တဲ့ V-22 အော့စ်ပရေး လေယာဉ်တွေရဲ့ ပျံသန်းမှုအားလုံးကို ဆိုင်းငံ့ထားဖို့ ကြိုးပမ်းခဲ့တာပါ။
ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပျက်ကျလေယာဉ်က လူတဦးကို တွေ့ရှိခဲ့ပြီးနောက် သေဆုံးသွားကြောင်း အတည်ပြု ပြောကြားခဲ့ပြီး ကျန်လိုက်ပါစီးနင်းလာသူ ၇ ဦးကိုလည်း ဆက်လက်ရှာဖွေနေကြောင်း သိရပါတယ်။
အခုချိန်မှာ အော့စ်ပရေး လေယာဉ်တွေကို ပျံသန်းနေဆဲဖြစ်ပြီး သူတို့ကို ပျံသန်းမှု ရပ်ဆိုင်းထားဖို့ဆိုပြီး တရားဝင်တောင်းဆိုမှု တစုံတရာကို မသိရှိထားကြောင်း ပင်တဂွန် စစ်ဌာနချုပ်က နိုဝင်ဘာ ၃၀ ရက်မှာ ပြောကြားခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး မေးမြန်းကြည့်ရာမှာ ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ဟိရိုကာဇု မတ်ဆုနိုက အဲဒီတောင်းဆိုမှုကို တိုကျိုက လုပ်ဆောင်ခဲ့ပြီး လေယာဉ်အန္တရာယ် ကင်းရှင်းရေးနဲ့ ပတ်သက်လို့ သူ့ရဲ့စိုးရိမ်မှုကို ထုတ်ပြောခဲ့တာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။
အော့စ်ပရေး လေယာဉ်တွေရဲ့ ပျံသန်းမှုတွေမှာ ဘေးကင်းကြောင်း သေချာစေဖို့ ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က အမေရိကန်ဘက်ကို ဆက်ပြီး ချဉ်းကပ်သွားမှာပါလို့လည်း ပြောကြားခဲ့ပါတယ်။
အော့စ်ပရေး လေယာဉ်တွေကို လည်ပတ်ရာမှာ ပါဝင်နေတဲ့ ဂျပန် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (SDF) ကလည်း ကုန်တင်၊ ခရီးသည်တင် လေယာဉ်တွေရဲ့ ပျံသန်းမှုတွေကို ရပ်ဆိုင်းထားမယ်လို့ ပြောပါတယ်။
ဂျပန်မှာ ဟိုက်ဘရစ်လေယာဉ်တွေ ဖြန့်ကျက်ထားမှုဟာ အငြင်းပွားဖွယ်ဖြစ်နေပြီး အနောက်တောင်ပိုင်း ကျွန်းစုတွေမှာ အမေရိကန်စစ်တပ်ကို ထားရှိမှုကလည်း မတော်တဆမှုတွေကို ဖြစ်စေနိုင်တယ်လို့ ဝေဖန်သူတွေက ပြောဆိုနေကြပါတယ်။
Source/Photo-Reuters