ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးအားလုံးကို လွှတ်ပေးဖို့ သဘောတူညီချက်ကို ပါလက်စတိုင်းဟားမတ်စ်အဖွဲ့က ငြင်းပယ်လိုက်တယ်လို့ စွပ်စွဲချက် ထွက်ပေါ်လာပြီးနောက်မှာ ဒီဇင်ဘာ ၁ ရက်က ဂါဇာဒေသရှိ ဟားမတ်စ်တွေကို ချေမှုန်းမယ့် စစ်ဆင်ရေးတွေကို အစ္စရေးဘက်က ပြန်စတင်ခဲ့ပြီး သူတို့ရဲ့ ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်လိုက်ပါတယ်။
နိုဝင်ဘာ ၂၄ ရက်မှ စတင်ခဲ့ပြီး နောက်ထပ် ၂ ကြိမ် သက်တမ်းတိုးခဲ့တဲ့ ၇ ရက်ကြာ အပစ်အခတ်ရပ်စဲရေးဟာ ဂါဇာကမ်းမြောင်ဒေသမှာ ဖမ်းဆီးထားတဲ့ ဒါဇင်နဲ့ချီတဲ့ ဓားစာခံတွေကို ရာနဲ့ချီတဲ့ ပါလက်စတိုင်း အကျဉ်းသားတွေနဲ့ အလဲအလှယ် လုပ်နိုင်ခဲ့ပြီး မွမွကြေနေတဲ့ ကမ်းမြောင်ဒေသထဲကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဝင်ရောက်မှုကို အဆင်ပြေစေခဲ့ပါတယ်။
မနက် ၇ နာရီမှာ အပစ်အခတ်ရပ်စဲရေး ပြီးဆုံးဖို့ သတ်မှတ်ထားတဲ့ နာရီမတိုင်ခင်မှာပဲ ဂါဇာကမ်းမြောင်က ပစ်လွှတ်လိုက်တဲ့ ဒုံးပျံတစင်းကို အစ္စရေးက ကြားဖြတ် ဟန့်တားခဲ့ရကြောင်း အစ္စရေးက ပြောကြားခဲ့ပါတယ်။
ဒုံးကျည်ပစ်လွှတ်မှုနဲ့ပတ်သက်ပြီး ဟားမတ်စ်အဖွဲ့ကနေ ချက်ချင်း မှတ်ချက်ပေးတာ ဒါမှမဟုတ် ဒုံးကျည်ပစ်လွှတ်မှုအတွက် တာဝန်ရှိကြောင်း ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။
ပါလက်စတိုင်း မီဒီယာတွေနဲ့ ဂါဇာရဲ့ ပြည်ထဲရေးဝန်ကြီးဌာနကတော့ အပစ်အခတ်ရပ်စဲရေးကာလ အချိန်ကုန်ဆုံးသွားပြီးနောက်မှာ အီဂျစ်နယ်နိမိတ်အနီး ရာဖာမြို့ အပါအဝင် ဂါဇာဒေသကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုနဲ့ အမြောက်ပစ်ခတ်မှုတွေ လုပ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters