ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့မှာ ပေးသွင်းပြီးသား လျှပ်စစ်မီတာခတွေကို အကြွေးကျန်ဆိုပြီး တအိမ်ကို ကျပ် ၅ သိန်းကျော် ပေးဆောင်ရကာ မပေးနိုင်တဲ့အိမ်ရှိ မီတာတွေကို စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ထမ်းတွေက လိုက်လံဖြုတ်သိမ်းနေတယ်လို့ သိရပါတယ်။
အခုနှစ် နိုဝင်ဘာလ အစပိုင်းက စတင်ပြီး လျှပ်စစ်ရုံးက ၂၀၂၁ ခုနှစ် မီတာသုံးစွဲမှု အခွန်အခတွေ ပေးဆောင်ဖို့ ကျန်တယ်ဆိုပြီး ၁ နှစ်အတွင်း အသုံးပြုထားတဲ့ မီတာခတွေကို ထပ်မံဆောင်ခိုင်းတာဖြစ်လို့ မြို့ခံပြည်သူတွေ ထပ်မံပေးဆောင်နေရတယ်လို့ ဆိုပါတယ်။
မြို့ခံတဦးက “(စကစ)ခေတ်ဆိုတော့ ဘယ်သူမှလည်း မတိုင်ရဲကြဘူး။ အဲ့ဒီအချိန်တုန်းက ဆောင်ထားတဲ့ ဖြတ်ပိုင်းတွေ ပြတော့လည်း အဲ့ဒီတာဝန်ခံက မရှိတော့ဘူးလို့ပဲ ပြောတယ်။ မီတာမဆောင်တဲ့အိမ်တွေ လိုက်ဖြုတ်တော့ မဖြစ်မနေ ဆောင်ရတာ။ တနှစ်စာလုံးဆိုတော့ သိန်းနဲ့ချီပြီးတော့ကို ပေးရတယ်” လို့ ပြောပါတယ်။
အကြွေးကျန်ဆိုပြီး လျှပ်စစ်မီတာအခွန်ကို တောင်းခံနေတာဖြစ်ကာ ပြည်သူတွေက လျှပ်စစ်အသုံးပြုခငွေ ပေးသွင်းထားတဲ့ ဖြတ်ပိုင်းတွေ တင်ပြပေမဲ့ အဲ့ဒီအချိန်က တာဝန်ကျ လျှပ်စစ်အင်ဂျင်နီယာနဲ့ ဝန်ထမ်းတွေ မရှိတော့တဲ့အတွက် တရားမဝင်ဘူးဆိုပြီး ထပ်မံကောက်ခံနေတာလို့ သိရပါတယ်။
အခုလို ပေးသွင်းပြီးသား လျှပ်စစ်အသုံးပြုခတွေ ထပ်မံကောက်ခံနေတဲ့အတွက် မပေးဆောင်နိုင်တဲ့ နေအိမ်တွေက လျှပ်စစ်မီတာ ၁၀၀ ကျော် ဖြုတ်သိမ်းခံခဲ့ရပြီး ပြည်မြို့၊ ကိုးသောင်းရပ်ကွက်မှာ နေထိုင်တဲ့ ဝက်ထီးကန်မြို့ ရဲစခန်းမှူးနေအိမ်ရှိ မီတာပါ ဖြုတ်သိမ်းခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။