မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကျွဲခြံကုန်းကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ဘိုကုန်းကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်တာကြောင့် ကျေးရွာအတွင်း လက်နက်ကြီးကျကာ ၂ နှစ်အရွယ် ကလေးငယ်တယောက် ထိမှန်သေဆုံးခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
နိုဝင်ဘာ ၂၉ ရက် ညသန်းခေါင်မှာ ကျွဲခြံကုန်းရွာဘက်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဘိုကုန်းကျေးရွာက လူနေအိမ်တလုံးပေါ် ကျရောက်ပြီး ၂ နှစ်သား ကလေးငယ်တယောက် သေဆုံးကာ မိသားစုဝင်နှစ်ယောက်လည်း ထိခိုက်ဒဏ်ရာ ရခဲ့သလို နွားသုံးကောင်လည်း သေဆုံးခဲ့ပါတယ်။
မတ္တရာပကဖ တာဝန်ရှိသူတဦးက “နယ်မြေအခြေအနေကတော့ သူတို့ မန္တလေးကိုကာတဲ့ သဘောမျိုးဆိုတော့ အခုလောလောဆယ်တော့ သူတို့ ဟိုပစ်ဒီပစ်တော့ ပစ်တာပေါ့။ နောက်ဆက်တွဲ အခြေအနေကတော့ ကလေးမိဘတွေကတော့ ကလေးကို နာရေးဘာညာ စီစဉ်ပြီး လုပ်လိုက်ပြီပေါ့” လို့ ပြောပါတယ်။
မတ္တရာမြို့နယ်ဟာ မန္တလေးမြို့နဲ့ နယ်မြေချင်းကပ်နေပြီး စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ခိုက်မှုတွေ တောက်လျှောက်ဖြစ်ပွားနေတာပါ။
စစ်ရေးပြင်းထန်လာတဲ့အလျှောက် စစ်တပ်က မတ္တရာမြို့နယ်အတွင်းမှာလည်း အထိုင်စခန်းတွေ ချထားကာ မန္တလေးမြို့အတွက် အကာအကွယ်ယူနေပြီး မတ္တရာမြို့နယ်အတွင်းမှာ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေပါတယ်။
စစ်ကောင်စီဟာ မတ္တရာမြို့နယ်အတွင်း ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ နေအိမ်တွေကို မီးရှို့တာ၊ ဒေသခံ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ဆောင်နေတယ်လို့ မတ္တရာဒေသခံတွေက ပြောပါတယ်။
စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် မတ္တရာမြို့နယ် အရှေ့ခြမ်းနဲ့ အနောက်ခြမ်းမှာရှိတဲ့ ဧရာဝတီမြစ်ရိုးတလျှောက်က ကျေးရွာအများအပြားက ပြည်သူတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။
ဓာတ်ပုံ မတ္တရာ ပကဖ