မွန်ပြည်နယ်၊ ကျိုက်မရောမြို့ အတ္ထရံ(စံပယ်ဂူ) မြစ်ကူးတံတားအနီးရှိ ကော့ပနာရွာမှာ နိုဝင်ဘာ ၃၀ ရက် မနက် ၈ နာရီအချိန်က စစ်ကောင်စီတပ်နဲ့ ကရင်လက်နက်ကိုင်အဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ကျိုက်မရောမြို့နယ်၊ ကော့ပနာကျေးရွာမှာ PDF တပ်ဖွဲ့တွေ ရောက်ရှိနေတယ်ဆိုပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတယောက် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်တွေပျက်စီးခဲ့ပြီး ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင် နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“မနက်တုန်းကလေ စစ်တပ်က ရွာထဲကို လက်နက်ကြီးတွေနဲ့ပစ်တာ၊ အိမ်တွေ သုံးလေးလုံးလောက် ပျက်စီးကုန်တယ်။ အခု ရွာထဲ မနေရဲတော့ဘူး။ အားလုံး ထွက်ပြေးကြတယ်။ မုဒုံက အမျိုးတွေအိမ်မှာ သွားနေရမှာပေါ့။ မနက်တုန်းကဆိုရင် ဘာမှတောင် မယူနိုင်ဘူး။”
တိုက်ပွဲမှာ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့တာကြောင့် စံပယ်ဂူတံတားအနီးရှိ မယ်ကရိုကျေးရွာအပြင် ကော့ဒွန်း၊ ကော့ပနော့၊ ဝငဲ စတဲ့ ကျေးရွာတွေထဲအထိ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်၊ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။