ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ကို နိုဝင်ဘာ ၃၀ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီရေတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ မီးလောင်ကျွမ်းနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်လောက်မှာ ပေါက်တောမြို့နယ် ငပြီကျွန်းနားမှာ ကျောက်ချထားတဲ့ စစ်ကောင်စီရေတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာလို့ ပေါက်တောမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီရေတပ်က နေ့လယ် ၁၂ နာရီလောက်ကစလို့ ၂ မိနစ်ကို တကြိမ်လောက် လက်နက်ကြီးတွေနဲ့ မနားတမ်း ပစ်ခတ်နေတာ၊ အခု ၁၂ နာရီ ၄၅ မိနစ်အချိန်ထိ လုံးဝမရပ်သေးဘူး။ လက်ရှိအချိန်မှာ ပေါက်တောမြို့က မီးလောင်နေပြီး ကျနော်တို့လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရလို့ မီးခိုးလုံးတွေကို အဝေးကနေပဲ လှမ်းမြင်နေရပြီး ပေါက်တောမြို့ဘက်ကတော့ လက်နက်ကြီး လက်နက်ငယ်သံတွေ ဆက်တိုက်ကြားနေရတယ်။”
စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်က ပေါက်တောမြို့ စက်လှေဆိပ်နားမှာ ကျရောက်ပေါက်ကွဲပြီး မီးလောင်ကျွမ်းနေကာ မီးငြှိမ်းသတ်သူလည်း မရှိဘဲ မီးက ညနေ ၅ နာရီလောက်အထိ လောင်နေတုန်းပဲလို့ ဆိုပါတယ်။
ပေါက်တောမြို့ကို မနေ့ မွန်းလွဲ ၂ နာရီကျော်လောက်ကလည်း စစ်တွေမြို့ ခလရ ၂၀ က တိုက်ခိုက်ရေး ရဟတ်ယာဥ်တစီးနဲ့ ၅ မိနစ်လောက် လာရောက်တိုက်ခိုက်ခဲ့သလို ညနေ ၃ နာရီကျော်လောက်မှာလည်း ဂျက်တိုက်လေယာဥ်တစီးနဲ့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ပေါက်တောမြို့ ဒေသခံတယောက်က ပြောပါတယ်။
ပေါက်တောမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ မြို့မစျေး အပါအဝင် လူနေရပ်ကွက်တွေ နေ့စဥ်ရက်ဆက် မီးလောင်နေတာ တွေ့မြင်နေရတယ်လို့ ပြောပါတယ်။
ပေါက်တောမြို့မှာ နေ့စဥ် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ သုံးခုပေါင်းကာ တိုက်ခိုက်နေတယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) က နိုဝင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။