ကောလင်းခရိုင်၊ ကောလင်းမြို့မှာရှိတဲ့ ပုဂ္ဂလိကဘဏ်တွေက ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း ၄ သောင်းခွဲလောက်ကို စနစ်တကျ လက်ခံသိမ်းဆည်းရရှိထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြားကာလ ဗဟိုဘဏ်က ဒီနေ့ညမှာ အသိပေးကြေညာပါတယ်။
ကောလင်းခရိုင် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ရဲ့ တင်ပြချက်အရ တချို့ပုဂ္ဂလိကဘဏ်တွေမှာ လုံခြုံရေးစည်းကျိုးပေါက်ပြီး ဘဏ်ငွေတိုက်ခန်း (Vault) ကို ဖောက်ထွင်းဝင်ရောက်ဖို့ ကြံစည်အားထုတ်ထားတဲ့ အထောက်အထားတွေ တွေ့ရှိရပြီး အချိန်မီ ကာကွယ်တားဆီးနိုင်ခဲ့တာကြောင့် ပြည်သူတွေရဲ့ အပ်နှံငွေတွေ မဆုံးရှုံးခဲ့ဘူးလို့ ဆိုပါတယ်။
ကောလင်းခရိုင် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက နိုဝင်ဘာ ၈ ရက်နေ့မှာ ဖွဲ့စည်းပေးခဲ့တာဖြစ်ပြီး ကောလင်းမြို့က ပုဂ္ဂလိကဘဏ်တွေရဲ့ တာဝန်ရှိသူတွေအနေနဲ့ လာရောက်ဆက်သွယ်ပူးပေါင်းကြဖို့ ထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။
အဲဒီအဖွဲ့က ကမ္ဘောဇဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဧရာဝတီဘဏ်၊ ကမ္ဘာ့ရတနာဘဏ်နဲ့ ထွန်း ကော်မာရှယ်ဘဏ်တို့ရဲ့ လက်ကျန်ငွေ ကျပ်ငွေသန်းပေါင်း ၄၄,၅၁၈ ကျော်ကို စနစ်တကျ လက်ခံသိမ်းဆည်းခဲ့ပြီး ကြားကာလဗဟိုဘဏ်အနေနဲ့ ပြည်သူလူထုရဲ့ အပ်နှံငွေတွေ မနစ်နာ ဆုံးရှုံးမှုမရှိစေဖို့ တာဝန်ခံပြီး ဥပဒေနဲ့အညီ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေအဖြစ် သတ်မှတ် စီမံခန့်ခွဲသွားမယ်လို့ ဆိုပါတယ်။