ရခိုင်ပြည်နယ်၊ သံတွဲနဲ့ ရမ်းဗြဲမြို့နယ်တွေမှာ နိုဝင်ဘာ ၂၈ ရက်နဲ့ ၂၉ ရက်တွေက ပညာရေးဝန်ထမ်းတယောက် အပါအဝင် ပြည်သူ ၅ ယောက်ကို ULA/AA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရမ်းဗြဲမြို့ အမှတ် ၃ အင်းတောင်ရပ်ကွက်မှာ နေထိုင်တဲ့ ပညာရေးမှူးရုံးက ဝန်ထမ်း အသက် ၂၅ နှစ်အရွယ် ကိုအေးမင်းသူကို နိုဝင်ဘာ ၂၉ ရက် ည ၇ နာရီကျော်လောက်မှာ နေအိမ်ကို ဆိုင်ကယ်နဲ့ ပြန်လာတဲ့အချိန် စစ်ကောင်စီတပ်သားတွေက အင်းတောင်တံတားနားမှာ ဖမ်းခေါ်သွားကြတာလို့ ရမ်းဗြဲမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
သံတွဲမြို့ နတ်မှော်ရပ်ကွက်မှာလည်း နိုဝင်ဘာ ၂၈ ရက် ည ၉ နာရီလောက်မှာ စစ်ကောင်စီတပ်သား အင်အား ၂၀ လောက် ကားနှစ်စီးနဲ့ရောက်လာပြီး ရာအိမ်မှူး ဦးဇော်နိုင်၊ ဒေါ်ရီရီခင်၊ မရွှေရီဝင်းနဲ့ အမှတ် ၈ ရပ်ကွက်မှာနေထိုင်တဲ့ သာလီစွ သွေးလှူရှင်အသင်းက ကိုမိုးဝေတို့ကို ULA/AA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။
ကျောက်ဖြူနဲ့ ရမ်းဗြဲမြို့တွေမှာလည်း နိုဝင်ဘာ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က ပြည်သူ ၇ ယောက်ကို ULA/AA နဲ့ ဆက်စပ်တပ်လို့ စွပ်စွဲကာ ဖမ်းဆီးခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ဒေသခံပြည်သူ အယောက် ၇၀ ထက်မနည်း အေအေနဲ့ဆက်စပ်တယ်လို့ သံသယမှုနဲ့ ဖမ်းဆီးခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။