ကာဇက်စတန်ရဲ့ အကြီးဆုံးမြို့တော် အာလ်မားတီရှိ ဘော်ဒါဆောင်တခုမှာ နိုဝင်ဘာ ၃၀ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၃ ဦး သေဆုံးခဲ့ကြောင်း မြို့တော်ရဲ့ အရေးပေါ်ဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သေဆုံးသူ ၉ ဦးဟာ ကာဇက်လူမျိုးတွေဖြစ်ကြပြီး ရုရှားက ၂ ဦးနဲ့ ဥဇဘက်ကစ္စတန်မှ ၂ ဦးတို့ဖြစ်ကြောင်း အာလ်မားတီရဲဌာနက ပြောပါတယ်။
မနက်အစောပိုင်းက သုံးထပ်တိုက်တလုံးမှာ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီတိုက်ရဲ့ မြေညီထပ်နဲ့ မြေအောက်ခန်း အလွှာတွေမှာ တည်းခိုနေထိုင်နေတဲ့ ဧည့်သည် ၇၂ ဦး ရှိနေတာပါ။
သေဆုံးသူတွေဟာ ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ခဲ့ကြတာဖြစ်ပြီး ကျန်တဲ့ ၅၉ ယောက်က အဆောက်အဦထဲက ထွက်သွားနိုင်ခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံမှ ကျောင်းသားတဦး အပါအဝင် လူ ၄ ဦးဟာ ဆေးဘက်ဆိုင်ရာ အကူအညီကို ရယူခဲ့ကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ အစိုးရက အထူးစုံစမ်းစစ်ဆေးဖို့ ကော်မရှင်တခု ဖွဲ့ထားတယ်လို့ ဆိုပါတယ်။
ကာဇက်စတန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ သက်ဆိုင်ရာဥပဒေအရ မြေအောက်ခန်းအတွင်း ဧည့်သည်ထားရှိခြင်းကို တားမြစ်ထားတာဖြစ်ကြောင်းနဲ့ ဒါကို ပြန်လည်ပြုပြင်ဖို့နဲ့ သန့်ရှင်းရေးစံနှုန်းတွေအတိုင်း လုပ်ဆောင်ခွင့်ပြုထားကြောင်း အာလ်မားတီမြို့တော်ဝန် အယ်ဘိုလာ့ထ် ဒါးဆေးက ပြောပါတယ်။
မြေအောက်ခန်း ပရိဝုဏ်တွေမှာ မီးဖိုချောင်၊ သိုလှောင်ရုံ၊ ဂိုဒေါင် စသဖြင့် အသုံးပြုသင့်ပေမဲ့ အဲဒီမှာ လူဘယ်နှစ်ယောက်လောက်က ဘာကြောင့်များ တည်းခိုကြသလဲလို့ မေးစရာရှိလာတယ်လို့လည်း ဆိုပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
Source/Photo-Reuters