ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား နိုဝင်ဘာ ၃၀ ရက် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီမနက် ၁၀ နာရီခွဲလောက်ကစပြီး ဖြူးမြို့နယ်အရှေ့ဘက် ကျော်လှကြီးကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားနေကြောင့် တိုက်ပွဲဖြစ်ပွားရာ အနီးတဝိုက်က ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဒီနေ့လယ် ၁ နာရီခွဲဝန်းကျင်အထိ အဆက်မပြတ် ပစ်ခတ်နေတာလို့ ဒေသခံတဦးက ပြောပါတယ်။
“ကျင်းထဲပုန်းနေရတော့ အခြေအနေကိုတော့ သေချာမသိသေးဘူး။ ခုချိန်ထိတော့ ပစ်နေတုန်းပဲ။ တိုက်လေယာဉ်ရော၊ စစ်ရဟတ်ယာဉ်တွေနဲ့ရော ပစ်နေတာ။”
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုနဲ့ အရပ်သားထိခိုက်မှု အခြေအနေတွေကိုတော့ မသိရသေးပါဘူး။ ဖြူးမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းကလည်း တိုက်ပွဲမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာပါ။
စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရသလို ကျန်ရှိနေတဲ့သူတွေကလည်း ဗုံးခိုကျင်းတွေထဲ နေနေကြရပါတယ်။