တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ ငြိမ်းချမ်းရေးအပေါ် အမြတ်ထုတ်နေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေပြည်တော်မှာ နိုဝင်ဘာ ၂၉ ရက်က ကျင်းပတဲ့ စစ်ကောင်စီ အစည်းအဝေးမှာ ပြောလိုက်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ KIA၊ UWSA၊ KNU၊ MNDAA၊ TNLA၊ AA၊ KNPP/KNDF တွေရဲ့ နောက်ခံအကြောင်းအရာတွေနဲ့ လတ်တလော ဖြစ်ပွားနေတာတွေနဲ့ ပတ်သက်ပြီး အစည်းအဝေးမှာ ထည့်သွင်း ပြောဆိုလိုက်တာပါ။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးကို အကြောင်းပြုပြီး နောက်ကွယ်မှာ အင်အားစုစည်းတည်ဆောက်တာ၊ လက်နက်ခဲယမ်းမီးကျောက်တွေ အပြိုင်အဆိုင် တည်ဆောက်ထုတ်လုပ်တာ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေကို အကြမ်းဖက်သင်တန်းတွေ ဖွင့်လှစ်သင်တန်းပေးတာ၊ လက်နက်ခဲယမ်းမီးကျောက်တွေ ရောင်းချပေးတာ စတာတွေကို လုပ်ဆောင်နေပြီး ငြိမ်းချမ်းရေးအပေါ် အမြတ်ထုတ်နေတာကို တွေ့နေရတယ်” လို့ ပြောပါတယ်။
လက်နက်ကိုင်အဖွဲ့တွေက သာလွန်အင်အားနဲ့ နည်းပညာ သာလွန်မှုတွေနဲ့ စစ်သုံးအဆင့် ဒရုန်းတွေနဲ့ Drop Bomb တွေသုံးပြီး အခုအချိန်အထိ Drop Bomb အလုံးပေါင်း ၂၅,၀၀၀ ကျော်၊ ၁၀၇ မီလီမီတာ လျှော့တိုက်ဒုံးအလုံး ၁၂၀ ခန့်နဲ့ တိုက်ခိုက်ခဲ့တယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
“MNDAA နဲ့ ပူးပေါင်းအဖွဲ့တွေက Drop Bomb တွေ၊ သာလွန်အင်အားတွေနဲ့ တိုက်ခိုက်တာတွေ လုပ်ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေ အသက်အန္တရာယ် လုံခြုံရေးအရ တချို့နေရာတွေကို စွန့်ခွာပေးရပါတယ်။ နယ်စပ်ဒေသ ဖြစ်တာကြောင့် တဖက်နိုင်ငံက အထင်အမြင် မလွဲမှားအောင် ကန့်သတ်ထိန်းသိမ်း ဆောင်ရွက်ပြီး အရပ်သူအရပ်သား အပြစ်မဲ့ပြည်သူတွေ မထိခိုက်အောင် ဆောင်ရွက်ခဲ့တာတွေလည်း ရှိပါတယ်” လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
စစ်တပ်ရဲ့ လေကြောင်းနဲ့ရော မြေပြင်ကပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် အပြစ်မဲ့အရပ်သားတွေ များစွာသေဆုံးရသလို မြေပြင်စစ်ကြောင်း ထိုးတာတွေမှာ အပြစ်မဲ့ အရပ်သားတွေကို ရက်စက်စွာ သတ်ဖြတ်တာတွေကိုတော့ ထည့်သွင်းပြောဆိုခဲ့တာမရှိပါဘူး။
ဒါ့အပြင် ရခိုင်ပြည်နယ်မှာ အေအေတပ်ဖွဲ့တွေ ထိခိုက်ကျဆုံးမှုများနေတဲ့အကြောင်းနဲ့ ကယားပြည်နယ်၊ လွိုင်ကော်ဒေသကိုလည်း ပြန်လည်ထိန်းချုပ်နိုင်ပြီလို့လည်းပြောပါတယ်။
လက်တွေ့မြေပြင်မှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေအကျဆုံးများနေတာဖြစ်ပြီး စစ်စခန်းတွေ မြို့တွေ နယ်တွေလည်း တခုပြီးတခု သိမ်းပိုက်ခံနေရကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်ရင်းလိုက် လက်နက်ချ အလင်းဝင်တွေလည်းရှိနေပါတယ်။
မဲစာရင်းကို အကြောင်းပြပြီး အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်ကတော့ ပါတီစုံဒီမိုကရေစီ စနစ်ကို စစ်တပ်ကဦးဆောင်ပြီး ဆက်လက်ဆောင်ရွက်မယ့်အကြောင်း ပိတ်ထားရတဲ့ တက္ကသိုလ်တွေ၊ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်မယ်၊ စက်သုံးဆီ၊ စားသုံးဆီနဲ့ပတ်သက်ပြီး အရေးယူ ကြပ်မတ်ဆောင်ရွက်နေတာတွေ၊ ဘဏ်နဲ့ပတ်သက်ပြီး ဆောင်ရွက်ပေးနေတာတွေကိုလည်း ပြောဆိုခဲ့ပါတယ်။
PHOTO- DSINFO