Home
မြန်မာသတင်း
စစ်တပ်လက်နက်ကြီးကြောင့် မင်းပြားပြည်သူ ၄ ဦးဒဏ်ရာရ၊ မောင်တော နယ်ခြားစောင့်တပ် တိုက်ခိုက်ခံရ
DVB
·
November 30, 2023
Border Guard_30112023

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ နိုဝင်ဘာ ၂၉ ရက်နေ့ ညမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တယောက်အပါဝင် ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၂၉ ရက် ည ၇ နာရီလောက်မှာ မင်းပြားအခြေစိုက် တိုင်ဗဟို (၉) ကနေ လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်ခဲ့တာကြောင့် အိုးပုံတောင် ကျေးရွာမှာ ကျရောက်ပေါက်ကွဲကာ ၁ နှစ်သားအရွယ် ကလေးငယ်အပါအဝင် ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြိုင်းချောင်းကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ဒဏ်ရာရရှိသူတွေဟာ ​ပြိုင်းချောင်းကျေးရွာ ဆေးခန်းမှာ ဆေးဝါးကုသမှု ခံယူနေရပြီး အဲဒီထဲက အသက် ၁ နှစ်အရွယ် မောင်မင်းသိန်းစိုးနဲ့ ၁၅ နှစ်အရွယ် မခင်မြင့်သန်းတို့ကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ နိုဝင်ဘာ ၁၃ ရက်ကစတင်ကာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့  တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက်  ကုန်းလမ်း၊ ရေလမ်းတွေ ခရီးသွားလာခွင့် ဖြတ်တောက်ထားတဲ့အပြင် စစ်ကောင်စီတပ်က ကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နေ့စဥ်ရက်ဆက် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေတာကြောင့် အပြစ်မဲ့ ပြည်သူတွေ အများအပြား သေဆုံးဒဏ်ရာရရှိခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မောင်တောမြို့ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ (၅) အနီးရှိ ခရိုင်ကျန်းမာရေးရုံး ၄ ထပ်ဆောင်မှာ စစ်ကောင်စီက တပ်စွဲနေရာယူထားတာကြောင့် ကျန်းမာရေးဝန်ထမ်းတွေ နေရာပြောင်းပေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ခရိုင်ကျန်းမာရေးရုံး ၄ ထပ်ဆောင်မှာ နေနေကြတဲ့ ဝန်ထမ်းတွေ နေခွင့်မရဘဲ စစ်တပ်က နခခ (၅) ကို ကာကွယ်ဖို့ နေရာယူထားလိုက်တာ။ ကျန်းမာရေးဌာနကဝန်ထမ်းတွေ အကုန်လုံး နေရာပြောင်းပေးလိုက်ရတယ်” လို့ မျက်မြင် ဒေသခံတဦးက ပြောပါတယ်။

ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတို့ နိုဝင်ဝင်ဘာ ၁၃ ရက်ကစပြီး တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အရပ်သား အဆောက်အဦတွေမှာ တပ်စွဲနေရာယူကာ မြို့သိမ်းတိုက်ပွဲတွေကို ကာကွယ်ဖို့ ပြင်ဆင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

"စစ်တွေမြို့ထဲက အထပ်မြင့်အဆောက်အဦတွေမှာ လုံခြုံရေးအကြောင်းပြပြီး တပ်စွဲနေရာ ယူမယ်လို့တော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတဆင့် ပြည်သူတွေကို အကြောင်းကြားထား​တာရှိတယ်။ စစ်တွေမှာတော့ ဘယ်အဆောက်အအုံတွေမှာ  နေရာယူထားလဲတော့ မသိဘူးဗျ" လို့ ဒေသခံတဦးက ပြောပါတယ်။

ရက္ခိုင်တပ်တော်က လတ်တလော ရဲတပ်ရင်း၊ တပ်ဖွဲ့တွေကို အဓိကထား တိုက်ခိုက်နေပြီး မြို့သိမ်းတိုက်ပွဲအထိ တိုက်ခိုက်လာနိုင်တယ်လို့ ယူဆတာကြောင့် စစ်ကောင်စီက  မြို့ထဲ လူနေအိမ်အဆောက်အဦတွေမှာ တပ်စွဲနေရာယူဖို့ ကြိုးပမ်းလာတာလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တော ၄ မိုင်ရပ်ကွက်ရှိ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ ၂ ကို နိုဝင်ဘာ ၂၈ ရက် ည ၈ နာရီကျော်လောက်မှာ ရက္ခိုင့်တပ်တော် (အေအေ) ဝင်တိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

တိုက်ပွဲအတွင်း နခခ ၅ က လက်နက်ကြီးပစ်ကူပေးရာ လက်နက်ကြီးတလုံး နခခ ၂ လူပျိုဆောင်ကို ထိမှန်ပေါက်ကွဲခဲ့တယ်လို့ ၄ မိုင်ရပ်ကွက် ဒေသခံတဦးက ပြောပါတယ်။

“မနေ့က ည ၈ နာရီမှာ နခခ ၂ ကို အေအေ ဘက်က ဝင်တိုက်တာ၊ တိုက်ပွဲဖြစ်တော့ နခခ ၅ က လက်နက်ကြီး ပစ်ကူပေးတယ်။ အဲဒီမှာ လက်နက်ကြီးတလုံးက နခခ ၂ လူပျိုဆောင်မှာ ထိမှန်ပေါက်ကွဲသွားတယ်၊ ထိခိုက်သေဆုံးမှုတော့ မသိရဘူးဗျ။”

နခခ ၂ ကို အေအေ ဝင်တိုက်ပြီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ၄ မိုင်ရပ်ကွက်နဲ့ သစ်တောရွာတွေရှိ ဒေသခံတွေ ဗုံးခိုကျင်းတွေမှာ ပုန်းခိုနေခဲ့ကြရတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024