ပိုလန်ဟာ ဖင်လန်နဲ့ ရုရှားနယ်စပ်ကို တပ်ဖွဲ့ဝင်တွေ စေလွှတ်ဖို့ စီစဉ်နေတဲ့ လုပ်ရပ်ဟာ တင်းမာမှုတွေပိုဖြစ်စေပြီး ရုရှားက ဒါကို ခြိမ်းခြောက်မှုလို့မြင်ကြောင်း နိုဝင်ဘာ ၂၉ ရက်မှာ ကရင်မလင်နန်းတော်က မှတ်ချက်ပေး ပြောကြားလိုက်ပါတယ်။
ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကို့ဗ်က “ခြိမ်းခြောက်မှုလည်း မရှိ၊ လက်တွေ့မှာလည်း တင်းမာမှုမရှိဘူးဆိုတော့ ဒါက နယ်စပ်လုံခြုံရေးအတွက် လုံးဝမလိုအပ်ပါဘူး” လို့ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောပါတယ်။
ဖင်းန်စ်တွေက ရုရှားကို ခြိမ်းခြောက်မှုတွေ ဖြစ်လာနိုင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိထားရမှာ ဖြစ်တာကြောင့် ရုရှားနယ်စပ်မှာ နောက်ထပ် တပ်တွေ စုစည်းမှုတွေကနေ တင်းမာမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ပက်စ်ကို့ဗ်က ပြောဆိုပါတယ်။
နယ်စပ်မှာရှိတဲ့ စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့စုစည်းမှုတွေ တိုးထားကြောင်းလည်း သူက ဆိုပါတယ်။
ဝါဆောဟာ ရုရှားနဲ့ နယ်နိမိတ်အနီးမှာ တပ်စွဲထားဖို့ ဖင်လန်နိုင်ငံရဲ့ တောင်းဆိုချက်ကို အတည်ပြုဖို့ စီစဉ်ထားကြောင်း ပိုလန် အမျိုးသားလုံခြုံရေးဗျူရို အကြီးအကဲက အခုသီတင်းပတ်အတွင်းမှာ ပြောကြားခဲ့ပါတယ်။
မော်စကိုက စီစဉ်ကြိုးကိုင်ထားတယ်လို့ ဟယ်လ်စင်းကီးက ပြောထားတဲ့ ဒုက္ခသည်တွေ ရုတ်တရက် ရောက်ရှိလာမှုအပြီးမှာ ဖင်လန်ဟာ ရုရှားနဲ့ နယ်နိမိတ်အနီးကို ရွှေ့လာတာဖြစ်ပြီး ရုရှားကတော့ ငြင်းဆိုထားပါတယ်။
Source/Photo-Reuters