Home
မြန်မာသတင်း
စစ်တပ်လက်နက်ကြီးကြောင့် တင်သားရွာသား ၁ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ
DVB
·
November 29, 2023
TinTharVillage_29112023

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ တင်သားရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ရွာသားတယောက် သေဆုံးခဲ့ပြီး မိခင်ဖြစ်သူကတော့ လက်နှစ်ဖက်ဖြတ်ရကာ ရွာသား ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့  ရွာခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၂၈ ရက် နေ့လယ် ၂ နာရီဝန်းကျင်က တင်သားရွာရဲ့ တောင်ဘက် ၃ မိုင်အကွာ စစ်ကောင်စီလက်‌အောက်ခံ ပျူစောထီးကျေးရွာလို့ခေါ်တဲ့ ကြံသာကျေးရွာကနေ တင်သားရွာဘက်ကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တာပါ။

အဆိုပါလက်နက်ကြီးကြောင့် တင်သားရွာ အမှတ် ၆ ရပ်ကွက်က အသက် ၃၅ နှစ်ဝန်းကျင်အရွယ် ကိုအောင်ဌေးလင်းတို့သားအမိ လက်နက်ကြီးထိမှန်ပြီး ကိုအောင်ဌေးလင်း ပွဲချင်းပြီး သေဆုံးခဲ့ကာ မိခင်ဖြစ်သူက လက်နှစ်ဖက် ဖြတ်ခဲ့ရတာပါ။

တင်သားရွာသူတဦးက “အောင်ဌေးလင်းက သူ့အိမ်ကနေ အမေအိမ်လာရင်း သူ့အမေအိမ်ဝင်းပေါက်မှာ လက်နက်ကြီးမှန်ပြီး ဝမ်းဗိုက်ပွင့် သေသွားတာ။ အလောင်းတောင် ကောက်လို့မရလို့ စောင်တွေနဲ့ထုပ်ပြီး တခါတည်း သင်္ဂြိုဟ်လိုက်ရတာ။ သူ့အမေကတော့ လက်နှစ်ဖက်ဖြတ်ရတယ်။ အမှတ် ၃ က ဦးတင်ထွန်းလည်း တင်ပါးမှာ ဒဏ်ရာရတယ်။ ရွာတောင်ပိုင်း ၅ ယောက်လောက် ဒဏ်ရာရကြတယ်” လို့ ပြောပါတယ်။

အဆိုပါလက်နက်ကြီးပစ်ခတ်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးသလို ဒေသခံတွေအနေနဲ့ စစ်ကောင်စီက မိမိတို့ကျေးရွာ‌တွေမှာ PDF တွေရှိတယ်အထင်နဲ့ လက်နက်ကြီးနဲ့ပစ်ခတ်တာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီလက်နက်ကြီးကြောင့် တင်သားရွာ အမှတ် ၆ ရပ်ကွက်က ဒေါ်မာဝေ ပွဲချင်းပြီး သေဆုံးခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024