နယ်မြေစိုးမိုးရေးအငြင်းပွါးမှုကြောင့် ပစ်ခတ်ခဲ့ကြတဲ့ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့ဖြစ်တဲ့ ရှမ်း ပြည်တိုးတက်ရေးပါတီ /ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ / ရှမ်းပြည်တပ်မတော် RCSS/SSA တို့ဟာ ဒီကနေ့ နိုဝင်ဘာ ၂၉ ရက်နေ့မှာ အပစ်ခတ်ရပ်စဲလိုက်ကြောင်း ပူးတွဲထုတ်ပြန် ကြေညာပါတယ်။
ရှမ်းသံဃာတော်တွေနဲ့ မိဘပြည်သူတွေဟာ အဆိုပါရှမ်းစစ်တပ် ၂ ဖွဲ့ စည်းလုံးညီညွတ်ဖို့အတွက် နှစ်ရှည်လများ တစိုက်မတ်မတ်တောင်းဆိုလာခဲ့ကြတာကြောင့် အဖွဲ့ နှစ်ဖွဲ့စလုံးက ခေါင်းဆောင်တွေဟာ ဒီနှစ် ဩဂုတ်လထဲမှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး တပ်ဖွဲ့ဝင်တွေ အကြား ပစ်ခတ်မှုတွေရပ်တံ့ဖို့နဲ့ လူမှုကွန်ရက်ပေါ်ကနေ အမျိုးသားရေးစည်းလုံး ညီညွတ်မှုကို ထိခိုက်စေမယ့် ဝေဖန်ပုတ်ခတ်ပြောဆိုမှုတွေ ရှောင်ကြည်ဖို့ မိမိတပ်ဖွဲ့ဝင်တွေကို ညွှန်ကြား ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ SSPP/SSA ဘက်က ကိုယ်စားလှယ် ၃ ဦးနဲ့ RCSS/SSA ဘက်က ကိုယ်စားလှယ် ၄ ဦးတို့ ဆက်လက်ဆွေးနွေးခဲ့ကြပြီး ဒီကနေ့ မှာတော့ အပစ်ခတ်ရပ်စဲကြောင်း တရားဝင်ထုတ်ပြန်ကြေညာကာ အများပြည်သူတွေကို အသိပေးလိုက်တာ ဖြစ်ပါတယ်။
SSPP/SSA တပ်ဖွဲ့ဟာ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်ရဲ့ ကြင်ယာတော် စဝ်နန်းဟိန်းခမ်းဦး ဆောင်မှုနဲ့ ၁၉၆၄ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး လက်ရှိခေါင်းဆောင်မှာ ဗိုလ်ချုပ်ပန်ဖ ဖြစ်ပါ တယ်။
RCSS/SSA ကတော့ MTA ခေါင်းဆောင် ခွန်ဆာ လက်နက်ချ အလင်းဝင်သွားပေမဲ့ လိုက်မသွားဘဲ ဆက်လက်လက်နက်ကိုင်ဆောင်တိုက်ပွဲဝင်ပြီး ၂၀၀၀ ပြည့်နှစ်မှာ နိုင်ငံရေးဦး ဆောင်မှုကောင်စီ RCSS ကို တည်ထောင်ခဲ့ပါတယ်။ လက်ရှိခေါင်းဆောင်မှာ ဗိုလ်ချုပ်ကြီး ရွက်စစ် ဖြစ်ပါတယ်။
SSPP/SSA ကို ရှမ်းပြည်တပ်မတော်မြောက်ပိုင်း / RCSS/SSA ကို ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖြစ် လူသိများခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ နှစ်ဖွဲ့ပူးပေါင်းကြောင်း ထုတ်ပြန်ခဲ့ဖူးပေမဲ့ မြေပြင်လှုပ်ရှားမှုတွေမှာ အဆင်မပြေမှုတွေရှိခဲ့ပြီး တဘက်နဲ့တဘက် ပစ်ခတ်တိုက်ခိုက်ရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။
RCSS/SSA တပ်ဖွဲ့ဟာ အန်စီအေ အပစ်ရပ်လက်မှတ်ထိုးထားပြီး လက်ရှိ စစ်ကောင်စီနဲ့လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆက်လုပ်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ SSPP/SSA ကတော့ အန်စီအေ စာချုပ်မှာ ပါဝင် လက်မှတ်ထိုးခြင်းမရှိသေးပါဘူး။