ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့ကို နိုဝင်ဘာ ၂၄ ရက်မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် လိုင်လင်းပီမြို့ကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား အယောက် ၃၀ လောက် အိန္ဒိယနိုင်ငံဘက် ဝင်ရောက်ခိုလှုံသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်းမှာ လိုင်လင်းပီမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းက စစ်ကောင်စီတပ်သားတွေ အိန္ဒိယ-မြန်မာနယ်စပ် လကီရွာဘက်ကို ဝင်ရောက်ခိုလှုံသွားတာ ဖြစ်ပါတယ်။
စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ စခန်းမှာ လက်နက်ကြီး ၅ လက်ကို နယ်မြေရှင်းလင်းတဲ့အခါ ရရှိခဲ့တယ်လို့ CDF-Mara ထံက သိရပါတယ်။
ဒေသခံတဦးက “၂၈ ရက်နေ့ ၁၁ နာရီခွဲဝန်းကျင် အာသံရိုင်ဖယ်က နယ်စပ်ထိ ကားနဲ့လာကြိုပြီး အိန္ဒိယနိုင်ငံထဲ ဝင်သွားတယ်။ လာကီရွာမှာ ရှိနေကြတယ်။ နယ်စပ် လာကီရွာမှာ အာသံရိုင်ဖယ်စစ်သားတွေ ထိုင်တယ်။ ဒီကိစ္စက အိန္ဒိယက အာဏာသိမ်း မင်းအောင်လှိုင်ကို အားပေးတယ်။ ကျနော်တို့ပြည်သူတွေရဲ့ ခံစားချက်ကို ဂရုမစိုက်ဘူး” လို့ ပြောပါတယ်။
မတူပီမြို့နယ် လိုင်လင်းပီမြို့ကို ချင်းအမျိုးသားတပ်ဦး CNA/CNF နဲ့ ဒေသခံ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၂၄ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၁၆ ရက်ကလည်း ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ သီးဘွာလ်ကျေးရွာက သီးဘွာလ် စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ် CNDF နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က ဗိုလ်မှူးအပါအဝင် တပ်ဖွဲ့ဝင် ၂၉ ယောက် မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးခဲ့ကြတာကြောင့် အိန္ဒိယအာဏာပိုင်တွေက မြန်မာနိုင်ငံဘက်ကို ပြန်ပို့ပေးခဲ့ပါတယ်။