Home
အနုပညာ
မြန်မာစစ်ဘေးရှောင်ကူညီပေးရေး လူငယ်အနုပညာရှင်များ ချင်းမိုင်တွင် ဂီတဖျော်ဖြေပွဲကျင်းပ
DVB
·
November 28, 2023
music 28112023

မြန်မာစစ်ဘေးရှောင်ပြည်သူတွေအတွက် လှူဒါန်းမယ့် ဂီတဖျော်ဖြေပွဲတခုကို အရှေ့တောင် အာရှနိုင်ငံတွေက လူငယ် ဂီတအနုပညာရှင်တွေ စုစည်းပြီး  ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နိုဝင်ဘာ ၂၅ရက် ညပိုင်းက  ပြုလုပ်ခဲ့ပါတယ်။

မြန်မာစစ်ဘေးရှောင်ပြည်သူတွေအတွက် အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ပြီး ရလာတဲ့ အကျိုး အမြတ်တွေကို လှူဒါန်းမယ့် MOB Party ဂီတဖျော်ဖြေပွဲမှာ ထိုင်း၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့က လူငယ်အနုပညာရှင်တွေအပြင် မြန်မာလူငယ် ဟစ်ဟော့ပ် အဆိုရှင်တွေပါ ပါဝင်ဖျော်ဖြေခဲ့ပါတယ်။

MOB Party မှာ ချင်းမိုင်မြို့ကို ရောက်နေတဲ့ နိုင်ငံတကာက ဂီတဝါသနာရှင်တွေ၊ မြန်မာလူငယ်တွေလည်းလာရောက် ပါဝင် ဆင်နွှဲခဲ့ကြတာဖြစ်ပြီး ဒီပွဲက ရလာတဲ့ အကျိုးအမြတ်အားလုံးကို မြန်မာစစ်ဘေးရှောင်တွေအတွက် လှူဒါန်းသွားမယ်လို့ ပွဲစီစဉ်သူ လူငယ်တဦးဖြစ်တဲ့  NOEY က ပြောပါတယ်။

“ဒီပါတီက ပထမစလုပ်တုန်းက triple edge culture လို့ ခေါ်တာပါ။ သီချင်းတွေတင်ဆက်တယ်။ ရလာတဲ့ငွေတွေကို လှူတယ်။ အဲ့ဒီကနေမှစပြီး အတွေးရသွားပြီး ပွဲအကြီး ဖြစ်အောင်လုပ်ကြ မလားပေါ့။ နိုင်ငံပေါင်းစုံက ရက်ပ်ပါတွေစုပြီး ပွဲအကြီးလုပ်ကြမလားပေါ့။ အခုပွဲမှာတော့ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်က ရက်ပ်ပါ တွေပါတယ်။ ဒါက ဒုတိယအကြိမ် မြောက်ဖြစ်ပါတယ်။ ဒီနှစ်လည်း ဒီကရတဲ့ အကျိုးအမြတ် အကုန်လုံးကို မြန်မာစစ်ဘေးရှောင်တွေကို လှူသွားမယ်။”

MOB Party မှာ ချင်းမိုင်ရောက် မြန်မာလူငယ် ဟစ်ဟော့ပ်အဆိုရှင်ဖြစ်တဲ့ TG လည်းပါဝင် ဖျော်ဖြေခဲ့ပါတယ်။

လက်ရှိ ဖြစ်ပျက်နေတဲ့ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာသားတွေ၊ ဟစ်ဟော့ပ် ယဉ်ကျေး မှုနဲ့ ပတ်သက်တဲ့စာသားတွေနဲ့ ဖျော်ဖြေပွဲမှာ သီဆိုခဲ့ပါတယ်။

ဟစ်ဟော့ပ်အဆိုတော် TG က “ချင်းမိုင်မှာရှိတဲ့ ဟစ်ဟော့ပ်အဖွဲ့ပေါ့။ တခုခုလုပ်ပြီးတော့ မြန်မာထဲမှာရှိနေတဲ့သူတွေကို ဘယ်လို ကူညီလို့ရမလဲဆိုပြီး ဒီပွဲကိုလုပ်ဖြစ်တယ်။ ဒီကရမယ့် အကျိုးအမြတ်တွေကို မြန်မာပြည်က လိုအပ်တဲ့နေရာတွေကို ထောက်ပံ့မယ်။ ကျနော်တို့ကလည်း ဟစ်ပ်ဟော့ကို ရူးသွပ်တဲ့လူငယ်တွေဖြစ်တော့ ကျနော်တို့ဒီမှာ အဖွဲ့တွေစုပြီး ပွဲလုပ်ဖြစ်တာပါ။ လက်ရှိ ဟစ်ဟော့ပ် culture နဲ့ ပတ်သက်တဲ့စာသားတွေပါမယ်။ မြန်မာနဲ့ပတ်သက်တဲ့ Political rap တွေပါမယ် UG  Rap တွေပါမယ်” လို့ပြောပါတယ်။

MOB Party ဂီတဖျော်ဖြေပွဲတွေကို လာမယ့်နှစ်ထဲမှာလည်း အလားတူ  ကျင်းပသွားဖို့ ရှိတယ်လို့ ပွဲစီစဉ်သူတွေဆီကနေ သိရပါတယ်။

သီဟ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013