စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ထီးချိုင့်မြို့နယ်ထဲက တောမရွာနဲ့ ဝါးဘိုးချောင်းရွာတွေကို စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ပစ်ခတ်သွားသလို ထီးချိုင့်မြို့ပေါ်က နေအိမ်တွေကိုလည်း ထပ်မံမီးရှို့ခဲ့တယ်လို့ ထီးချိုင့်မြို့နယ် ပ.က.ဖ က ပြောပါတယ်။
နိုဝင်ဘာ ၂၇ ရက် နေ့လယ် ၁၂ နာရီလောက်က ထီးချိုင့်နဲ့ ကောလင်းနယ်စပ်နားကို လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲတွေဖြစ်ပွားနေတဲ့ နေရာမဟုတ်ဘူးလို့ ထီးချိုင့် မြို့နယ် ပ.က.ဖ တာဝန်ခံက ပြောပါတယ်။
“ဒီနေ့က စစ်ပွဲမရှိပဲနဲ့ တောမမှာချတယ်။ နောက်ပြီး ဝါးဘိုးချောင်းနားမှာကော ချတယ်။ မြစ်ကြီးနားကနေ ဆင်းလာတဲ့ ဂျက်ဖိုက်တာနဲ့ပေါ့နော်၊ သုံးကြိမ်လာပစ်တယ်၊ လူထိခိုက်မှုတော့ မရှိဘူး။”
အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိတဲ့ တောမကျေးရွာနဲ့ ဝါးဘိုးခေါင်းကျေးရွာကြီးတွေကို နိုဝင်ဘာ ၉ ရက်နေ့ကလည်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျေးရွာက ပြည်သူတွေ ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေဆဲဖြစ်ပါတယ်။
ထီးချိုင့်မြို့ပေါ်က စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရပ်ကွက်က နေအိမ်တွေကိုလည်း မနေ့ ညနေ ၃ နာရီလောက်ကနေ ထပ်မံမီးရှို့နေတယ်လို့ သိရပါတယ်။
မြို့နယ် ပ.က.ဖ တာဝန်ခံတစ်ဦးက “သူတို့(စကစ)ရှိတဲ့အခြမ်းကတော့ အကုန်ပြောင်သွားပြီ၊ ဟင်းလင်းပြင်ကြီးဖြစ်ပွားပြီ။ အဲဒီရှို့ကိစ္စလည်း စစ်(-)တွေရှို့တာမဟုတ်ဘူး၊ သူတို့(စကစ)ကခိုင်းနေတာ။ မြို့ထဲမှာကျန်နေတဲ့ ဒလန်လိုဟာတွေကို၊ အဲဒလန်တွေက အိမ်တွေဖောက်တယ်။ မီးရှို့တယ်။ ရတဲ့ ပစ္စည်းတွေကို မောင်းကုန်းဘက်ကို ပြန်ရောင်းကြတယ်။ ခိုးလို့ရလာတာတွေကိုလည်း ဥပမာ- ဆန်သုံးအိတ်ရရင် သူတို့(စကစ)ကို တစ်အိတ်ပေးရတယ်၊ အဲလိုနဲ့ ခိုင်းနေတာ” လို့ပြောပါတယ်။
ထီးချိုင့်မြို့ကို စစ်ကောင်စီတပ်နဲ့အပေါင်းပါတွေက နိုဝင်ဘာ ၁၀ ရက်ကနေ စတင်မီးရှို့ခဲ့တာဖြစ်ပြီး မြို့ပေါ်ရပ်ကွက် ၇၀ ရာခိုင်နှုန်း မီးလောင်ပျက်စီးသွားပြီဖြစ်ပါတယ်။
ထီးချိုင့်ဒေသမှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ နေအိမ်မီးရှို့မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကိုတော့ မေးမြန်းနိုင်ခြင်းမရှိသလို စစ်ကောင်စီပြန်ကြားရေးကလည်း သတင်းထုတ်ပြန်တာမရှိပါဘူး။
လက်ရှိ ထီးချိုင့်မြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား နှစ်ဖက် စစ်ရေးအရ ဆိုင်ထားတဲ့အခြေအနေဖြစ်တယ်လို့ မြို့နယ် ပ.က.ဖ တာဝန်ခံက ပြောပါတယ်။