ဂရိနိုင်ငံ လက်စ်ဘော့စ်ကျွန်းမှာ နိုဝင်ဘာ ၂၆ ရက်က ဆားတင်ဆောင်လာတဲ့ ကုန်တင်သင်္ဘောတစင်း နစ်မြုပ်ပြီး လူတဦး သေဆုံးကာ နောက်ထပ် ၁၂ ဦးအထိ ပျောက်ဆုံးနေတယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က အတည်ပြုပါတယ်။
ကိုမိုရော့စ်နိုင်ငံအလံတင်ထားတဲ့ Raptor အမည်ရ ဒီသင်္ဘောဟာ အီဂျစ်ဆိပ်ကမ်း အယ်လ် ဒက်ခီလာ ကနေ တူရကီမြို့ဖြစ်တဲ့ အစ္စတန်ဘူလ်ကို ထွက်ခွာလာခဲ့တာပါ။
အဲ့ဒီနောက် တနင်္ဂနွေနေ့ အစောပိုင်းမှာ သင်္ဘောစက်ချို့ယွင်းခဲ့ပြီး အရေးပေါ် အန္တရာယ်ဆိုင်ရာ ဖုန်းခေါ်မှုတခု ပြုလုပ်ခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။
“အဲ့ဒီဧရိယာမှာတင် ရုပ်အလောင်းတခု ဆယ်ယူရရှိခဲ့တယ်” လို့ ကမ်းခြေစောင့်တပ် တာဝန်ရှိသူတဦးက ရိုက်တာသတင်းဌာနကို မှတ်ချက်ပေးပါတယ်။
ဒါ့အပြင် နောက်ထပ်တဦးကိုတော့ ရဟတ်ယာဉ်နဲ့အတူ ကယ်ဆယ်ကာ ကျွန်းပေါ်က ဆေးရုံအထိ ပို့ဆောင်ပေးခဲ့ကြောင်း ဖြည့်စွက်ပြောပါတယ်။
အခုလို နစ်မြုပ်သွားခဲ့တဲ့ သင်္ဘောပေါ်မှာ အမှုထမ်းစုစုပေါင်း ၁၄ ဦးအထိ လိုက်ပါလာခဲ့ရာ ၈ ဦးက အီဂျစ်နိုင်ငံသားတွေဖြစ်ပြီး ကျန်ရှိသူတွေကိုတော့ ဆီးရီးယားနဲ့ အိန္ဒိယတို့က ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
Source/Photo-Reuters