ပြည်သူ့ရှေ့ဆောင်ပါတီက ဗဟိုအလုပ်အမှုဆောင်၊ ရှမ်းပြည်နယ်ဥက္ကဋ္ဌ စိုင်းလွယ်ခမ်းကို မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဝရမ်းထုတ်ထားတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ လွိုင်လင်-တောင်ကြီးသွားကားလမ်း ဟိုတင့်ကျေးရွာနားမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်၊ ညက ဖမ်းဆီးရမိခဲ့တဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၅ သန်း အမှုရဲ့ ကွင်းဆက်တရားခံအဖြစ် ဖမ်းဝရမ်းထုတ်ထားတယ်လို့ မူးယစ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“၁၂ ရက်နေ့ ညကမိတဲ့ WY ကိစွနဲ့ သယ်လာတဲ့သူကို စစ်တော့ PPP (ပြည်သူ့ရှေ့ဆောင်ပါတီ) ပါတီက ပြည်နယ်ဥက္ကဋ္ဌရဲ ပစ္စည်းတွေလို့ ပြောတယ်။ စိုင်းလွယ်ခမ်းပေါ့။ အဲဒါကြောင့် ၂၀ ရက်နေ့က တောင်ကြီးအိမ်ရယ်၊ တာချီလိတ်က အိမ်ကို ဝင်စစ်တာ သေနတ် ၂ လက်ရယ်၊ လက်ပစ်ဗုံး ၂ လုံးမိတယ်။ အိမ်စီးကား ၄ စီးကို သိမ်းလိုက်တယ်။ သူ့ကိုတော့ ဖမ်းမမိသေးဘူး။ ဝရမ်းထုတ်ထားတယ်။”
လွိုင်လင်မြို့မှာ ဖမ်းဆီးရမိတဲ့ ခင်ထွေး(ခ)ခင်သိန်းရဲ့ ထွက်ဆိုချက်အရ နိုဝင်ဘာ ၂၀ ရက်နေ့နဲ့ ၂၁ ရက်က PPP ပါတီ ရှမ်းပြည်နယ်ဥက္ကဋ္ဌ စိုင်းလွယ်ခမ်းရဲ့ တောင်ကြီးမြို့ ကံကြီးရပ်ကွက်က နေအိမ်နဲ့ တာချီလိတ်မြို့နယ် ပါလျှံ ၁ ရပ်ကွက်က နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ ပစ္စတိုသေနတ် ၂ လက်၊ ကျည်အိမ် ၂ ခု၊ ကျည်အတောင့် ၅၀ နဲ့ လက်ပစ်ဗုံး ၂ လုံးကို တွေ့ရှိခဲ့ပြီး TOYOTA HARRIER ကား ၂ စီးနဲ့ TOYOTA CROWN ကား ၁ စီးကို သိမ်းဆည်းရမိတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
လွိုင်လင်မြို့မှာ နိုဝင်ဘာ ၁၂ ရက်ညက ရှမ်းပြည်နယ်တောင်ပိုင်းကနေ မန္တလေးတိုင်းကို သယ်နေတဲ့ WY ဆေးပြားတန်ဖိုး ငွေကျပ် ၁ ဒသမ ၃၅ ဘီလီယံကို ဖမ်းဆီးရမိခဲ့တာပါ။စိုင်းလွယ်ခမ်းဟာ ပြည်သူ့ရှေဆောင်ပါတီမှာ ဗဟိုအလုပ်အမှုဆောင်တယောက်ဖြစ်သလို ရှမ်းပြည်နယ်ရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ တာချီလိတ်မြိုနယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။