Home
မြန်မာသတင်း
ဆန္ဒပြသူများ လာရောက်ခဲ့သည့် မြောက်ဒဂုံက စျေး ဖျက်သိမ်းခံရ
DVB
·
November 26, 2023
market 26112023

မနေ့က အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူတွေ လာရောက်ခဲ့တဲ့ မြောက်ဒဂုံ ၄၀ ရပ်ကွက်က ဈေးကို ဒီနေ့ စစ်ကောင်စီက အင်အားသုံး ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က ဆန္ဒပြခဲ့တဲ့ လူငယ်တွေရဲ့ သတင်းကိုမပေးတာကြောင့် တိုင်းမှူးအမိန့်နဲ့ ဖျက်ခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေက ဆိုပါတယ်။

နိုဝင်ဘာ ၂၅ ရက်က တပင်ရွှေထီးလမ်းမှာရှိတဲ့ဈေးမှာ သပိတ်ခေါင်းဆောင် ကိုနန်းလင်း ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုနဲ့အတူ သပိတ် အင်အား စုတချို့  ပူးပေါင်းဆန္ဒပြခဲ့ပါတယ်။

ဈေးသည်တယောက်က “မနေ့က ရပ်ကွက်ရုံးက လူတွေရယ်၊ စစ်တပ်ရယ် ရောက်လာတယ်။ ဆန္ဒပြတဲ့သူတွေ ဘယ်မှာနေလဲ၊ ဘယ်သူတွေပါလဲမေးတော့ စျေးကလူတွေက မသိဘူးလို့ဖြေတာ။ အဲဒီမှာ စစ်တပ်က မသိလည်းရတယ်။ ခင်ဗျားတို့လည်း စျေးမရောင်းရဘူး။ အကြမ်းဖက်အားပေးတဲ့စျေး တွေ့မယ်ဆိုပြီး ဒီနေ့ မနက်မှာ လာဖျက်တာ” လို့ ပြောပါတယ်။

အခုလို ဆန္ဒပြတဲ့ကိစ္စနဲ့ပတ်သက်ပြီး မြောက်ဒဂုံမြို့နယ် ထွေအုပ်ချုပ်ရုံးမှာ နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းက အစည်းအဝေးလုပ်ခဲ့ပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးက ဖုန်းဆက်ပြီး စျေးကိုဖျက်ဖို့ အမိန့်ပေးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။

"ဗိုလ်ချုပ်ဇော်ဟိန်းက အဲဒီစျေးက စည်ပင်မှာစာရင်းရှိလားမေးတော့ စည်ပင်က ကျူးတွေ၊ တရားဝင်စျေးမဟုတ်ဘူး ပြောတော့ အင်အားသုံးပြီးဖျက်ပစ်လို့ အမိန့်ပေးတာ စစ်တပ်ရော ရဲရော ဒီနေ့မနက်လာဖျက်တာ" လို့ ပြောပါတယ်။

ဒါ့အပြင် မြောက်ဒဂုံမြို့နယ်မှာ ၄၀ နဲ့ ၄၁ ရပ်ကွက်ကို မနေ့ညက စစ်ကောင်စီတပ်နဲ့ ရဲတွေက အင်အားအများအပြားနဲ့ ဧည့်စာရင်းစစ်ဆေးခဲ့ပါတယ်။

လက်တလောမှာ မြောက်ဒဂုံမြို့နယ်က လမ်းဆုံလမ်းခွတွေမှာ စစ်ကောင်စီ တပ်သားတွေဟာ လမ်းသွား လမ်းလာ လူငယ်တွေရဲ့ လွယ်အိတ်နဲ့ ဖုန်းတွေကို စစ်ဆေးတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024