မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွှေဂုဏ်တိုင်ကျေးရွာမှ လေသာကျောင်းဆရာတော်နဲ့ ယာဉ်မောင်းကို နိုဝင်ဘာ ၂၃ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ စဉ့်ကူး တော်လှန်ရေး အင်အားစုတွေဆီက သိရပါတယ်။
လေသာကျောင်းဆရာတော်နဲ့ ယာဉ်မောင်းဖြစ်သူဟာ မန္တလေးကနေ ရွှေဂုဏ်တိုင်ရွာကို ကားနဲ့ပြန်အလာ မတ္တရာမြို့နယ်ထဲမှာ စစ်အုပ်စုက ဖမ်းဆီးခေါ်ဆောင်သွားတာလို့ သိရပါတယ်။
နိုဝင်ဘာ ၁ ရက်နေ့က ရွှေဂုဏ်တိုင်ရွာက မဘသ ဘုန်းကြီး ဖြစ်တဲ့ ပေါက်ဆိန် (ခေါ်) ဦးလက္ခဏကို ရပ်ရွာပြည်သူလူထုက တိုင်တန်းတာကြောင့် ပြည်သူ့ကာကွယ်ရေး တပ်တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီအတွက် လက်တုန့်ပြန်တဲ့အနေနဲ့ မဘသ ဘုန်းကြီးရဲ့ ကျောင်းနဲ့ ကပ်လျက်က လေသာကျောင်းဆရာတော်ကို ဖမ်းဆီးတာဖြစ်နိုင်တယ်လို့လည်း စဉ့်ကူးဒေသခံတွေက ပြောပါတယ်။
စဉ့်ကူးမြို့နယ်က တော်လှန်ရေးသမားတယောက်ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ နောက်ဆက်တွဲ အခြေနေကို ဆက်လက်စုံစမ်းနေတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ကလည်း စစ်အုပ်စုဟာ မတ္တရာမြို့နယ်၊ ထန်းပင်ကုန်း ကျေးရွာက သက်တော် ၆၉ နှစ်အရွယ် ကျောင်းထိုင်ဆရာတော်နဲ့ ကျောင်းတိုက်မှာ ရောက်ရှိနေတဲ့ ကျောက်တံတားကျေးရွာ၊ ရေနားကျောင်းတိုက်က ဦးဇင်းတပါးကို ဖမ်းဆီးသွားပြီး နောက်ဆက်တွဲအခြေအနေကို မသိရသေးဘူးလို့ မတ္တရာမြို့နယ် တော်လှန်ရေး အင်အားစုတွေဆီက သိရပါတယ်။