Home
မြန်မာသတင်း
ဝေါမြို့နယ်တွင် ကား ၃ စီးဆင့်တိုက်ပြီး လူ ၁ ဦးသေ၊ ၁၃ ဦး ဒဏ်ရာရ
DVB
·
November 26, 2023
ACC 26112023

ပဲခူးတိုင်း၊ ဝေါမြို့နယ်မှာ နိုဝင်ဘာ ၂၆ ရက် ဒီနေ့ မနက်ပိုင်းက ခရီးသည်တင် Express အပါအဝင် ကား ၃ စီးဆင့်တိုက်ပြီး လူ ၁ ယောက်သေ၊ ၁၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဝေါမြို့နယ်မီးသတ်‌ဌာနက ပြောပါတယ်။

ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီး၊ မိုင်တိုင်အမှတ် ၇၆/၅ နဲ့ ၇၆/၆ ကြားက ကားလမ်းမပေါ်မှာရပ်ထားတဲ့ သဲအိတ်တင် FORLAND အမျိုးအစား  ၆ ဘီးကားကို မနက် ၆ နာရီလောက်မှာ အဖြူရောင် FUSO  ၁၈ ဘီး တွဲကားက အနောက်ကနေ ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။

တွဲကားက ဝင်တိုက်မိလို့ အရှိန်လွန်ပြီး လမ်းတဖက်ကို ရောက်ရှိနေချိန် မောင်းနှင်လာတဲ့ ရွှေမန္တလေးယာဉ်လိုင်းရဲ့ SCANIA အမျိုးအစား Express ခရီးသည်တင်ယာဉ်က တွဲကားနောက်ဘက်ကို ထပ်မံ ဝင်ရောက်တိုက်မိခဲ့တာ ဖြစ်ပါတယ်။ 

ဝေါမြို့နယ်မီးသတ်တပ်ဖွဲ့တာဝန်ရှိသူက “ဝေါဘက်ကို မောင်းလာတဲ့ သဲအိတ်တင်ကားက အချက်ပြမီးမပါဘဲ လမ်းဘေးကို ချရပ်ထားတာ။ နောက်က တွဲကားက ဝင်ရောက်တိုက်မိတာပါ။ Express ကားကလည်း တွဲကားရဲ့နောက်မီးလုံးကို တိုက်မိပြီးတော့ လမ်းဘေးကို ထိုးကျတိမ်းမှောက်သွားတာပါ” လို့ ပြောပါတယ်။

ရွှေမန္တလေးကားဟာ ရန်ကုန်ကနေ မုဒုံမြို့နယ်ကို မောင်းနှင်လာတာဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦးမှာ ထိခိုက်မှုပြင်းထန် ‌ဒဏ်ရာရရှိသွားပြီး အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၇ ဦးကတော့ ပွန်းပဲ့ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

FUSO-70  ၁၈ ဘီးတွဲကားယာဉ်မောင်းမှာတော့ ကားခေါင်းခန်းမှာညပ်မိလို့ ပွဲချင်းပြီး သေဆုံးသွားပြီး ထိခိုက်လူနာတွေကို ဝေါမြို့နယ် မီးသတ်ကယ်ဆယ်ရေးအဖွဲ့၊ ဝေါမြို့နယ် ပရဟိတအသင်းနဲ့ ဖြူစင်မေတ္တာပရဟိတအသင်းတို့က လူနာတင်ယာဉ်တွေနဲ့ ဝေါပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013