ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ မြို့မနှစ်ခြင်း ဘုရားကျောင်းဝန်းထဲကို ဒီနေ့ စစ်ကောင်စီက ပစ်တဲ့ လက်နက်ကြီးဟာ ကျရောက်ပေါက်ကွဲလို့ ခရစ်ယာန်ဘာသာရေးဆရာမ ၁ ယောက်နဲ့ အမျိုးသား ၁ ယောက် ဒဏ်ရာရပြီး နေအိမ်တချို့လည်း ပျက်စီးခဲ့ပါတယ်။
နိုဝင်ဘာ ၂၆ ရက်နေ့ မနက် ၈ နာရီခွဲအချိန်မှာ မြို့မနှစ်ခြင်းဘုရားကျောင်းဝန်းထဲကို လက်နက်ကြီးကျည် ၃ လုံး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ဘုရားကျောင်းဝန်းထဲက အသက် ၅၀ အရွယ် ဘာသာရေးဆရာမနဲ့ အမျိုးသား ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးတော့ မင်းတပ်မြို့၊ မိခင်နဲ့ကလေး စောင့်ရှောက်ရေးရုံးနားက နေအိမ် ၁ လုံးလည်း လက်နက်ကြီးထိမှန်ပြီး ပျက်စီးခဲ့ပါတယ်။
မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ကနေ ကျေးရွာတွေနဲ့ လူနေရပ်ကွက်တွေဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံတွေနဲ့ CDF မင်းတပ် တာဝန်ရှိသူတွေက ပြောပါတယ်။
CDF မင်းတပ် တာဝန်ရှိသူက “စစ်ကောင်စီက မြေပြင်မှာစစ်ကြောင်းနဲ့ မင်းတပ်မြို့ထဲမှာ လိုက်သွားတယ်။ လူသွားလမ်းတွေပေါ်မှာ မိုင်းတွေထောင်တာရှိတယ်။ မြို့ပတ်ပတ်လည်ကို အဲလိုလုပ်နေတာတွေ ရှိတယ်။ မြို့ပေါ်ရဲ့ ၃ ပုံ ၁ ပုံ လောက်ကလည်း ကျနော်တို့က စိုးမိုးထားတယ်ဆိုတော့ စစ်ကောင်စီက သူတို့ စိုးမိုးထားတဲ့ နေရာတွေကို ထိန်းချုပ်ထားတယ်” လို့ ပြောပါတယ်။
နိုဝင်ဘာ ၂၆ ရက် ဒီနေ့ မနက် ၈ နာရီကျော်လောက်မှာ မင်းတပ်မြို့၊ မိခင်နဲ့ ကလေးရုံးဝန်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ကာကွယ်ရေး တပ်ဖွဲ့တခုက တိုက်ခိုက်ခဲ့ပြီး အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ မင်းတပ်မြို့ခံတွေက ပြောပါတယ်။