နေတိုးအဖွဲ့ဝင် ဗြိတိန်မှ တပ်ဖွဲ့ဝင်တွေဟာ တင်းမာမှုတွေ ဆက်လက်မြင့်မားနေတဲ့ ကိုဆိုဗိုနဲ့ ဆားဗီးယားတို့ရဲ့ နယ်စပ်မှာ ကင်းလှည့်နေပါတယ်။
လွန်ခဲ့တဲ့ ၂ လလောက်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက်မှာ ဆားဘီးယားနိုင်ငံမှ တရားမဝင် ဝင်ရောက်လာမှုတွေ ရှိ၊ မရှိ စစ်ဆေးဖို့ ကိုဆိုဗိုမြို့မြောက်ဘက်ရှိ ဗွက်ထနေတဲ့လမ်းကို ဖြတ်သန်း သွားလာနေကြတာပါ။
ဒီဗြိတိန်စစ်သားတွေဟာ ကိုဆိုဗိုနိုင်ငံအတွင်းကို ဘာလက်နက်မှ၊ ဘာလက်နက်ကိုင် လူတွေမှ ဝင်မလာစေဖို့နဲ့ သံသယဖြစ်စရာ လှုပ်ရှားမှု တစုံတရာ ရှိ မရှိ ထောက်လှမ်းရေး အချက်အလက်တွေ စုဆောင်းဖို့ ၁၈ နာရီကြာ ကင်းလှည့်နေတာ ဖြစ်ပါတယ်။
သူတို့ဟာ အပူချိန် သုညအောက် ကျဆင်းသွားတာကို ကြုံတွေ့ရပြီးတော့ တောင်တွေကို နှင်းထူထူ ဖုံးလွှမ်းသွားမှာကိုလည်း ကြုံရမှာဖြစ်ပါတယ်။
ဒီတပ်ဖွဲ့ဟာ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားမှာကို စိုးရိမ်လို့ ကိုဆိုဗိုကို အမြန်ပို့ဆောင်ခဲ့တဲ့ နေတိုးအဖွဲ့မှ ဗြိတိန်တပ်ဖွဲ့ဝင် ၂၀၀ ရှိတဲ့ တပ်ခွဲတခုရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။
နေတိုးအဖွဲ့ဟာ နောက်ထပ် တပ်ဖွဲ့ဝင် ၁ ထောင် စေလွှတ်ထားပြီး ငြိမ်းချမ်းရေး ထိန်းသိမ်းသူ ၄၅၀၀ အထိ တိုးမြှင့်ထားပါတယ်။
သူတို့ ရောက်ရှိနေတဲ့ နေရာကနေ ကီလိုမီတာ ၃၀ လောက်အကွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာနှောင်းပိုင်းတုန်းက လက်နက်ကိုင် ဆားဘီးယားလူမျိုး အယောက် ၈၀ လောက်ဟာ သံချပ်ကာယာဉ်တွေ အပါအဝင် မော်တော်ကား အစီး ၂၀ လောက်နဲ့ ဆားဘီးယားနိုင်ငံကနေ ဘန့်ဂျ်စ်ကာ ရွာထဲကိုဝင်ပြီး ရဲတပ်ဖွဲ့ဝင်တွေကို စတင်ပစ်ခတ်ခဲ့ပါတယ်။
သေနတ်သမားတွေဟာ ဆားဘီးယားနိုင်ငံကို ပြေးလာချိန်မှာ စက်သေနတ်တွေ၊ မော်တာတွေ၊ တင့်ကားဖျက် ဒုံးပစ်လောင်ချာတွေ၊ မြေမြှုပ်မိုင်းတွေနဲ့ ဒရုန်းတွေ အပါအဝင် လက်နက်တွေနဲ့ ခဲယမ်းမီးကျောက်တွေကို ချန်ထားခဲ့ကြပါတယ်။
ဒီဖြစ်ရပ်မှာ အရာရှိတဦးနဲ့ သေနတ်သမား ၃ ဦး သေဆုံးခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို ၂၀၀၈ ခုနှစ်က ကိုဆိုဗိုဟာ ဆားဘီးယားနိုင်ငံမှ လွတ်လပ်ရေး ကြေညာပြီး နောက်ပိုင်း အဆိုးရွားဆုံး အကြမ်းဖက်မှုအဖြစ် ရှုမြင်ထားပါတယ်။
Source/Photo-Reuters