Home
ဆောင်းပါး
ကြင်စိုး အမျိုးယုတ် (သရော်စာ)
DVB
·
November 26, 2023
Article_PGLH_26112023

(က)

"ခေါင်းလောင်းသံ တညံညံပေးတဲ့ရွာကျောင်းကို . . . ပြေးမြင်မိရင် သတိရနေတယ် သူငယ်ချင်းရေ . . .ဒို့များငယ်ငယ်တုန်းက ရွာအဝင်လမ်းဆီကနေ လက်ချင်းယှက်ကာ . . . ပြေးကာ လွှားကာ ကျောင်းတက်လာကြတာတွေနိုင်ပါ့မလား . . . မင်းတို့ ငါတို့ ငယ်ငယ်တုန်းကလေ  . . . . ။"

အဘစောမူးသာတို့ အိမ်ဝင်းနားကိုရောက်တော့ ဆွဲဆွဲငင်ငင် ရှိုက်သံဝင်နေတဲ့ သီချင်းသံကို ကြားလိုက်ရပါတယ်။ ကြားဖူးနေကျ အဘစောမူးသာ့အသံလည်းမဟုတ်၊ စစ်ပြန်ကြီး အဘလုံးတုံးအသံလည်းမဟုတ်၊ သူတို့လို ' ဘယ်သံ ' မဟုတ်ပဲ ' ညာသံ ' ကဲတဲ့အသံ။

အိမ်ပေါ်ရောက်တော့မှ အသံရှင်ကို မြင်လိုက်ရပါတော့တယ်။ စိမ်းသရဖူစိမ်း အဘစိမ်းမောင်ကိုး ခင်ဗျ။ အဘစောမူးသာရဲ့ အော်ဂင်လက်သံနဲ့ လိုက်ဖက်ညီအောင် ကြိုးစားသီဆိုနေတာ မြင်ရပါတယ်။

" ကြည်း ရေ လေ တပ်မတော်အတွင်းကသူငယ်ချင်းတွေ . . .

 ရဲရဲတောက် တိုက် စစ်ဆင်ကာနေ . . . 

တောကြား တောင်ကြား မရှောင်ရှား . . . 

အများအတွက်မို့အသက်ကိုစွန့်လို့လေ . . . မင်းတို့အ

တွက် ဂုဏ်ယူရတယ်လေ . . . "

" တီးတော်တော် တီးတော်တော် . . . တော် တော် တော် တော် တော် . . . . "

" ဟာကွာ . . . မင်းကတော့ လုပ်ပြီ "

" ဝါး . . . ဟားဟား ဟားဟား ဟားဟား "

အဘစောမူးသာ့အတီးနဲ့ အဘစိမ်းမောင်က ဈာန်ဝင်စားစွာ ခံစားသီဆိုနေချိန်မှာ အဘလုံးတုံးရဲ့ ' ပါးစပ်ဆိုင်း' အပို့လေး ထွက်ပေါ်လာတာပါ။ အရွှင်အဘတွေ ပေါ့ပေါ့ပါးပါး တဟားဟားရယ်နေကြချိန်မှာ အဘစိမ်းမောင်ကား ဖီးလ်အောက်သွားပြီး အဘလုံးတုံးကို မိုက်ကြည့်ကြည့်နေပါလေ၏ ခင်ဗျာ။

" ငါလည်း သီချင်းထဲ မုဒ်ဝင်သွားပြီး ' တော်တော် တော် တော် ' ထွက်သွားမိတာ ဆောရီး စိမ်းမောင်ရာ "

" သေချင်းဆိုး "

" ဝါး . . . ဟားဟား ဟားဟား ဟားဟား "

ပြောမနာ ဆိုမနာ ငယ်ပေါင်းအဘတွေကားဒီလိုပါပဲ ခင်ဗျာ။ အရွှင်အဘတွေက အဘစိမ်းမောင်ကို အစက ပြန်ဆိုပေါ့ကွာ ဟု ဆိုသော်လည်း အဘစိမ်းမောင်ကား ကျွဲမြီးတိုသွားကာ မဆိုတော့ပါလေ။ သည်တော့ အဘလုံးတုံးက " စိမ်းမောင်မဆိုရင် ငါဆိုမယ် မူးသာ . . . တီးကွာ " ဟုပြောပါလေ၏။

တွံတေးသိန်းတန်အသံကိုတုကာ အကျအန သီဆိုပါလေ၏။ အလယ်လောက်အရောက် မှာ စာသားတွေ ပြောင်းကုန်ပါလေတော့၏။

" ကြည်း ရေ လေ တပ်မတော်တွင်းက သူငယ်ချင်းတွေ  . . . တော် တော် တော် တော် . . .

ရဲရဲတောက် တိုက်စစ် မဆင်ပါလေ . . . တော်တော်တော် တော်တော်တော်တော် 

တောကြား တောင်ကြား ပေါင်ကား အဘအတွက်မို့ အသက်ကိုစွန့်လို့လေ ဟေ မင်းတို့အတွက် ငါရင်လေးတယ်လေ . . . တီးတော်တော် တီးတော်တော် တော် တော် တော် တော် . . . "

" ဟားဟား ဟားဟား ဟားဟား ဟားဟား "

(ခ)

" သေချင်းဆိုးတွေ . . ' အသီးတစ်ရာ အညှာတစ်ခု ' ကို ကောင်းကောင်းလေးများ ဆိုရမ လားမှတ်တယ် . . . ရီးတဲ့မှပဲ "

" ဝါး . . . ဟားဟား ဟားဟား ဟားဟား "

သည်အဘတွေကတော့ ဒီလိုပါပဲ။ အဘစိမ်းမောင် တစ်ခါတလေလေး ' မုဒ် ' ဝင်ပြီး သီဆိုတာလေးကိုတောင်မှ အဆုံးအထိ နားမထောင်ရပါဘူးဗျာ။ ပြီးတော့ အဘစိမ်းမောင်ကို ပြောကြပါသေးတယ်။ " ငါတို့သူငယ်ချင်းတွေ၊ သူတို့သားသမီးတွေလည်း ဖက်ဆစ် တပ်ထဲမှာရှိနေသေးပြီး အာဏာရူး မအလကို အသက်ပေးပြီး ကာကွယ်ပေးနေတာ မြင်ရတော့ ရင်ထဲမချိလို့ပါကွာ " ဟု ဆိုပါတယ်။

" အခုဆိုရင် ကြင်စိုး သာ၀ မအလရဲ့နိုင်ငံ လူမျိုးစုနဲ့ တပ်မတော်အပေါ် ရက်စက်ယုတ်မာပုံတွေကို တပ်တွင်းမှာပါ သိနေကြပြီလေ။"

" သူတို့ ဗိုလ်ချုပ် လက်တစ်ဆုပ်စာနဲ့ သူတို့ မိသားစုတွေရဲ့အကျိုးစီးပွားတွေကို ရဲဘော်တွေက အသက်နဲ့ ရင်းပြီး ကာကွယ်ပေးနေရပါလား ဆိုတာကို သဘောပေါက်လာကြပြီ။"

" ဒီတော့ ‘ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ’နဲ့ ရင်ဆိုင်ကြရတဲ့အခါ မတိုက်ကြတော့ဘူး၊ အလံဖြူ လေးတွေထောင်ပြီး လက်နက်ချအညံ့ခံလို့ ပြည်သူ့ရင်ခွင်ကို နိုင်ငံအနှံ့မှာ ခိုလှုံလာနေကြပြီကွ "

အဘစောမူးသာနဲ့ အဘလုံးတုံးတို့ရဲ့ စကားများကို အဘစိမ်းမောင် နားဆင်နေပါ၏။ သူလည်း မြေပြင်အခြေအနေတွေကို သိနေသူပဲလေ။ အခြေအနေကို သဘောပေါက်စပြု ပြီလို့ ထင်ရပါတယ် ခင်ဗျ။ ဒါပေမဲ့လည်း သူတို့အဘ မအလအစွဲကတော့ လုံးဝကြီးကင်းစင်ပုံ မရသေးပါဘူး။

"အေး . . . တပ်မတော်သားတွေ အကုန်လုံး အလံဖြူ ထောင်မယ် လက်နက်ချကြမယ်လို့ မင်းတို့ထင်သလား မူးသာ"

"မေးခွန်းကို ကြိုက်တယ် စိမ်းမောင်၊ မင်းတို့ စိမ်းသရဖူစိမ်းတွေ စောင့်ကြည့်နေလိုက်၊ သည်နှစ်အကုန်လောက်မှာ အာဏာရူးမအလဘေးမှာ သူ့ရဲဘော် ဘယ်နှယောက်များ ကျန်ဦးမလဲလို့"

စစ်ပြန်ကြီး အဘလုံးတုံးက အဘစောမူးသာကို ခုနကသီချင်း ပြန်တီးကွာဟုဆိုကာ ထပ်မံသီဆိုဖို့ ဟန်ပြင်ရင်း လည်ချောင်းရှင်းနေပါတယ် ခင်ဗျ။ ပြီးတော့ အစပိုင်းမှာ ပုံမှန်သီဆိုခဲ့ပြီး အလယ်ကောင်အရောက်မှာ ဖောက်ကာ ဆိုပြန်ပါလေရော ခင်ဗျာ။

" မ အ လ တပ်ပျက်အတွင်းက သူငယ်ချင်းတွေ  . . .သြော် သြော် သြော် သြော် . . .

ရဲရဲတောက် အလံဖြူ ထောင်ကာနေ . . . သြော်သြော်သြော် သြော်သြော်သြော်သြော် . . .

တောကြား ရွာကြား မြို့တစ်လွှား အဘအတွက် အသက်ကိုမစွန့်တော့ပေ မင်းတို့အတွက် ဂုဏ်ယူရတယ်လေ . . . တီး တော်တော် တီး တော်တော် တော်တယ် တော်တယ် တော် . . . "

" ဝါး . . . ဟားဟား ဟားဟား ဟားဟား "

(ဂ)

စကားဝိုင်းမှာ ကြင်စိုး သာ၀ အယုတ်တမာ မအလရဲ့ ရက်စက်ကြမ်းကြုတ်ပုံတွေကိုသာ သြချလို့နေကြပါတယ်။ မြန်မာ့သမိုင်းမှာသာမကပဲ ကမ္ဘာ့သမိုင်းမှာပါ မအလရဲ့ လူမဆန် မှုတွေကို မှတ်တမ်းတင်ထားကြပါပြီတဲ့။

ဘာပဲဖြစ်ဖြစ် ကြင်စိုးလည်း သူရူးခဲ့တဲ့ ' သမ္မတ ' မဖြစ်တော့ပေမယ့် ' ကမ္ဘာကျော် ' ပုဂ္ဂိုလ်တဦးတော့ ဖြစ်ခဲ့ပြီမို့ သူ့ဆွေမျိုး အသိုင်းအဝိုင်းနဲ့ သူ့သားစဉ်မြေးဆက်တလျှောက်လုံး ဂုဏ်ယူစရာပေါ့ကွာဟု အဘစောမူးသာတို့က မှတ်ချက်ချကြပါတယ် ခင်ဗျ။

"သူ့သား သူ့သမီးကနေ သူ့မြေး သူ့မြစ်တွေအထိ သွားလေရာမှာ ပြည်သူလူထုရဲ့ ဂုဏ်ပြုခြင်းကို ခံကြရမှာကွ "

" ဟေ . . . ဘယ်လို . . . ပြည်သူလူထုကဘယ်လို ဂုဏ်ပြု ကြမှာတုန်း မူးသာရဲ့ "

"သူတို့ ရောက်လေရာအရပ်မှာ ရောက်လေရာနေရာမှာ ' တံတွေး ' နဲ့ ဝိုင်းအထွေးခံကြရ

မှာပါတဲ့ ဗျား "

" ဟားဟား ဟားဟား ဟားဟား . . . . "

"အဲသည်တော့ကာ . . လက်ရှိ တပ်မတော်အတွင်းက သူငယ်ချင်းတွေလည်း အချိန်မရှိ တော့ဘူး၊ စဉ်းစားပါ၊ လူထုမေတ္တာကို အမြန်ဆုံးခံယူဖို့ ပြည်သူ့ရင်ခွင်ကို အမြန်ဆုံးခိုလှုံ ပါလို့ စေတနာစကား ပါးချင်ပါတယ်ကွာ”

အဘစိမ်းမောင်ကား ခြံထဲက အုပ်ဆိုင်းနေသည့် အပင်ကြီးများဆီသို့ ငေးနေပါလေ၏ခင်ဗျာ။ အဘစောမူးသာတို့ကား မနာလိုစိတ်ကြီးမားသူ၊ ကောက်ကျစ်စိတ်ကြီးမားသူ၊ ယုတ်မာစိတ်ကြီးမားသူ ကြင်စိုး သာ၀ မအလဟာ မကြာခင် နိဂုံးချုပ်တော့မှာဟု မှတ်ချက်ပြု ကြပါတယ်။

" ' ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး ' ဟောကြားတဲ့တရား ရှိတယ်လေကွာ "

" ဆိုပါဦး "

" လူ့စိတ်သဘောအရ မနာလိုစိတ် အားကြီးလာပြီဆိုရင် ကောက်ကျစ်တတ်လာကြတယ် "

"ကောက်ကျစ်တဲ့စိတ် အားကြီးလာပြီဆိုရင် ယုတ်မာတတ်လာကြတယ် "

"ယုတ်မာတဲ့စိတ် အားကြီးလာပြီ ဆိုရင်ရက်စက်တတ်လာကြတယ်"

" ရက်စက်မှု အားကြီးကြီးနဲ့ လုပ်ပြီးပြီ ဆိုရင် ကြောက်စိတ်ဝင်လာတတ်ကြတယ်"

" ကြောက်စိတ် အားကြီးပြီဆိုရင် အယောင်ယောင်အမှားမှား လုပ်လာကြတယ် "

" အယောင်ယောင်အမှားမှားတွေလုပ်ရင်းနဲ့ နောက်ဆုံး ပျက်စီးကျဆုံးသွားကြတာပါပဲ ''

" ပျက်စီးချိန်တန်လာပြီဆိုရင်လည်း ဘယ်လိုအဆောင်၊ ဘယ်လိုယတြာ မျိုးကမှ မစွမ်းနိုင် မကယ်နိုင်တော့ဘဲ ကျိန်းသေကို ပျက်စီးကြရတော့မှာပါပဲ " တဲ့ ကွ "

" အင်း . . . "

" ဒီတော့ ပျက်စီး ကျဆုံး နိဂုံးချုပ်တော့မယ့် အယုတ်တမာ ကြင်စိုး သာ၀ မအလအနားမှာ အလကားမတ်တင်း ကိုယ့်အသက်ကိုယ့် ဘဝကို ပေးနေကြဦးမလား၊ နွေးထွေးလုံခြုံတဲ့ ' မိဘပြည်သူ့ရင်ခွင် 'ကို အချိန်မီ ခိုဝင်ကြမလား . . . စဉ်းစား . . . စဉ်းစား "

ရေနွေးကြမ်းစကားဝိုင်းကား နိဂုံးချုပ်ပ်ခဲ့ပါလေပြီ။ အဘလုံးတုံးက ခုနကသီချင်းအလိုက်ကို လေချွန်လိုက်ပါလေ၏။ အဘစောမူးသာကလည်း အလိုက်သင့်ပင် လက်တန်း စာသားဝင်လာပါလေ၏။

" ကြည်း ရေ လေ တပ်ပျက်အတွင်းက သူငယ်ချင်းတွေ တော် တော် တော် တော် . . .

ရဲရဲတောက် ထွက်လို့လာပါသလေ . . . တော်တော်တော် တော်တော် တယ်တော်

တောကြား တောင်ကြား အလံဖြူ လွှားဘဝဆက်ဖို့ အသက်ကိုမစွန့်နဲ့လေ

မင်းတို့အတွက် ဂုဏ်ယူကြမယ်ဟေ . . . 

တီး တော်တော် တီး တော်တော် တော်တယ် တော်တယ် တော် . . . "

ဖေကြီး(လေရှီး)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024