ဟားမတ်စ်တွေဆီကနေ နိုဝင်ဘာ ၂၄ ရက်မှာ လွတ်မြောက်လာတဲ့ အစ္စရေးဓားစာခံ ၁၃ ဦးကို အစ္စရေးရှိ ဆေးရုံ နှစ်ရုံမှာ ဆေးကုသပေးနေပြီး သူတို့မိသားစုတွေနဲ့ ပြန်လည်တွေ့ဆုံခဲ့ကြောင်း ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။
ဝုဖှ်ဆန် ဆေးဘက်ဆိုင်ရာစင်တာကို အမျိုးသမီးသုံ့ပန်း ၅ ဦး ရောက်ရှိလာပြီး သူတို့ မိသားစုတွေနဲ့အတူ အထူးအဆောက်အဦမှာ ထားရှိကြောင်း ဆေးရုံဒါရိုက်တာ အနတ် အန်ဂျယ်လ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
သီးခြားထုတ်ပြန်ချက်တခုမှာ ရှနိုက်ဒါကလေးများဆေးဘက်ဆိုင်ရာစင်တာရဲ့ စီအီးအို အက်ဖှ်ရတ် ဘရွန်ဟာလဗ်ကလည်း သူ့ဆီမှာ ကလေး ၄ ဦးနဲ့ မိခင် ၃ ဦးအပြင် အဘွားအို ၁ ဦးတို့ကို ကိုယ်တိုင်ကိုယ်ကျ လက်ခံရရှိထားကြောင်း ပြောကြားခဲ့ပါတယ်။
ကလေးတွေဟာ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ ကောင်းမွန်တယ်လို့လည်း ဆိုပါတယ်။ လွတ်မြောက်လာတဲ့ ဓားစာခံတွေကို အစ္စရေးနိုင်ငံအတွင်း ကနဦးဆေးစစ်မှုတွေ ပြုလုပ်ထားပြီးမှ သူတို့မိသားစုတွေနဲ့ ပြန်လည်ပေါင်းစည်းတွေ့ဆုံမယ့် ဆေးရုံတွေဆီ ခေါ်ဆောင်ခဲ့တာဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ ၇ ပတ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သေနတ်သံတွေ ငြိမ်သက်သွားပြီးနောက် စစ်ပွဲအပစ်ရပ်တဲ့ ပထမဆုံးနေ့မှာ ဟားမတ်စ် တိုက်ခိုက်ရေး သမားတွေက အစ္စရေးအမျိုးသမီးတွေ၊ ကလေးသူငယ်တွေနဲ့ ထိုင်းလယ်ယာလုပ်သားတွေ အပါအဝင် ဓားစာခံ ၂၄ ဦးကို သောကြာနေ့က လွှတ်ပေးခဲ့ပါတယ်။
သဘောတူညီချက်အရ အစ္စရေးအကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံထားရတဲ့ ပါလက်စတိုင်းအမျိုးသမီး ၃၉ ဦးနဲ့ အရွယ်မရောက်သေးသူတွေကိုလည်း လွှတ်ပေးခဲ့ပါတယ်။ နောက်ထပ် ပါလက်စတိုင်း အကျဉ်းသားတွေကို ဓားစာခံ ထပ်မံလဲလှယ်ရေးတွေ ပြုလုပ်ဖို့လည်း စီစဉ်ထားပါတယ်။
နိုဝင်ဘာ ၂၄ ရက်မှာ လွတ်မြောက်လာခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် ပါလက်စတိုင်း အကျဉ်းသားတစ်ဦးကတော့ အကျဉ်းထောင် အခြေအနေတွေကို ကပ်ဆိုးကြီးအဖြစ် ပြောကြားခဲ့ပါတယ်။
လေးသ်အော့တ်မန်က အကျဉ်းသားတွေဟာ အစာငတ်နေကြပြီး အကျဉ်းခန်းထဲကနေ ထွက်ခွာခွင့် မပြုဘူးလို့ ပြောပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် စစ်ပွဲအတွင်း အပစ်အခတ်ရပ်စဲရေးရဲ့ ပထမနေ့မှာ ဓားစာခံ ၂၄ ဦးကို လွှတ်ပေးခဲ့သလို အစ္စရေးဘက်ကလည်း အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံထားရတဲ့ အမျိုးသမီးနဲ့ ကလေး စုစုပေါင်း ၃၉ ဦးကို လွှတ်ပေးခဲ့တာပါ။
Source/Photo - Reuters