လူမည်းအမျိုးသား ဂျော့ခ်ျဖလွိုက်ဒ် သေဆုံးမှုအတွက် ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ မင်နီယာပိုလစ် ရဲအရာရှိဟောင်း ဒဲရက်ခ်ရှိုဗင်ဟာ ဗဟိုအကျဉ်းထောင်မှာ ဓားနဲ့အထိုးခံရပြီးနောက် ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း အေပီသတင်းမှာ ဖော်ပြပါတယ်။
အာရီဇိုးနားပြည်နယ် ထူးဆန်မြို့ရှိ ဖက်ဒရယ်အကျဉ်းထောင်မှာ နိုဝင်ဘာ ၂၄ ရက်က ရှိုဗင်ကို တခြားအကျဉ်းသားကနေ ဓားနဲ့ထိုးခဲ့တာဖြစ်ကြောင်း ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ပြောဆိုခွင့် မရှိတဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး သတင်းအေဂျင်စီက ထုတ်ပြန်ပါတယ်။
ရှိုဗင်ရဲ့ တရားခွင်မှာ တရားခံ ရှေ့နေ ဇက်ခ်ဂရေဟမ်ကတော့ ဒီဓားထိုးမှုနဲ့ပတ်သက်ပြီး မှတ်ချက်တစုံတရာ မရှိကြောင်း ပြောပါတယ်။ ရှိုဗင်ရဲ့ အယူခံအဖွဲ့ဝင်တဦးဖြစ်တဲ့ ဂရဲ့ဂ် အဲရစ်ဆင် က ဒီအဖြစ်အပျက်ကို မသိရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ်က လူဖြူရဲအရာရှိ ဒဲရက်ခ်ရှိုဗင်ဟာ လက်ထိပ်ခတ်ခံထားရတဲ့ လူမည်းအမျိုးသား ဂျော့ခ်ျဖလွိုက်ဒ်ရဲ့ လည်ပင်းပေါ်ကို အချိန် ၉ မိနစ်ကျော် ဒူးထောက်ထိုင်ထားလို့ သေဆုံးသွားခဲ့ရတဲ့ ဆဲလ်ဖုန်းဗီဒီယို ထွက်ရှိလာခဲ့ပြီးနောက်မှာ ဖလွိုက်ဒ် သေဆုံးမှုကြောင့် အမေရိကန်မြို့အများအပြားမှာ ရဲတပ်ဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
Source/Photo - Reuters