ကိုးကန့်တပ်ဖွဲ့ MNDAA သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်ရှိ နမ့်စလပ် တောင်ကုန်းစခန်းကို နိုဝင်ဘာ ၂၃ ရက်က စစ်ကောင်စီတပ်က ဓာတု (အဆိပ်)ဗုံး ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကိုးကန့်တပ်ဖွဲ့ရဲ့ မီဒီယာThe Kokang ကထုတ်ပြန်ပါတယ်။
နမ့်စလပ် တောင်ကုန်းစခန်းကို စစ်ကောင်စီတပ်က ဓာတုအဆိပ်ဗုံးနဲ့ ပစ်ခတ်တာကြောင့် MNDAA တပ်ဖွဲ့ဝင် တချို့ ခေါင်းမူးတာ၊ အော့အန်တာတွေ ဖြစ်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်းမှာ တပ်စခန်း ၂၀၀ နီးပါး နဲ့ မြို့နယ် ၉ ခု ကို စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့အတွက်ကြောင့် ဓာတုလက်နက်များဆိုင်ရာ သဘောတူညီချက်ကိုချိုး ဖောက်ပြီး ဓာတုဗုံးတွေကို လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေအပေါ် ၃ ကြိမ်တိုင်တိုင် အသုံးပြု ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
နိုဝင်ဘာ ၁၄ ရက်ကလည်း TNLA က လားရှိုးမြို့နယ် မိုင်းကျက်တပ်စခန်း ဝင်ရောက်သိမ်းပိုက် ချိန် ဓာတုဗုံးတွေနဲ့ တိုက်ခိုက်တာခံရပြီး ၊ နိုဝင်ဘာလ၁၈ ရက်မှာလည်း TNLA သိမ်းပိုက်ထားတဲ့ တပ်စခန်းတစ်ခုသို့ ဓာတုဗုံးနဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် TNLA တပ်ဖွဲ့ဝင်တစ်ဦး အဆိပ်မိခဲ့ရတယ်လို့ ဆိုပါတယ်။
MNDAA နဲ့ TNLA တို့က နမ့်စလပ်တိုက်ပွဲမှာ ထိခိုက်တာများလို့ စစ်တပ်က ဓာတုဗုံးသုံးတိုက်ခိုက်တယ်ဆိုပြီး စွပ်စွဲပြောဆိုတာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်တပ်ဝါဒဖြန့် သတင်းဌာနတွေကတဆင့်တုံ့ပြန်ပြောခဲ့ပါတယ်။